ကမ္ဘာကြီးနှင့် အတူ နေထိုင်ခြင်း

0 comments Friday, November 20, 2009


သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်သည့် ကျန်းမာရေးသိပံ္ပ အယူအဆများ
ဂျူး

သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်သည့် ကျန်းမာရေးသိပံ္ပနှင့် အသိအမြင်များအကြောင်းမဖော်ပြမီ ကမ္ဘာမြေ၏ ကေဟစနစ်နှင့် စွမ်းအင်စီးဆင်းမှုကို အနည်းငယ် မိတ်ဆက်ပေးလိုပါသည်။

လူသားတို့သည် သက်ရှိပတ်ဝန်းကျင်တွင် နေထိုင်ကြသည်။ အသက်တွေကို ကျမတို့ ရှူသွင်းကြသည်။ အသက်တွေပေါ်မှာ လမ်းလျောက်သွားကြသည်။ အသက်တွေကို ထိကိုင်ကြသည်။ မြတ်ခင်းပြင်တစ်ခုပေါ်ပဲဖြစ်ဖြစ် သစ်တောမြေ ကမ္ပလာပေါ်ပဲဖြစ်ဖြစ် လှမ်းချ လိုက်သော ခြေတလှမ်း သည် ဘက်တီးရီးယားပေါင်း ကဋေပေါင်းများစွာ၊ အယ်လ် ဂေးရေညိုပင်၊ ဖန်းကတ်စ်ခေါ် မှိုအကောင်လေးပေါင်းသန်းများစွာ၊ ပရိုတိုဇိုးဝါးသန်းပေါင်းများစွာကို သိုမဟုတ် အင်းဆက် သတ္တုဝါနှင့် တီကောင်ပေါင်းရာနှင့်ချီ သည့် အကောင်များစွာကို တုန်ခါသွားစေလိမ့်မည်။

ကျမတို့ အရေပြားပေါ်တွင် လူ့မျက်စိနှင့် မမြင်နိုင်သော ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေ မွှားလေးတွေ အများကြီး တွယ်ကပ်နေသည်ကို အနုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင် မြင်ရလိမ့်မည်။ ကျမတို့ လူသားတွေ အသက်ရှူသွင်းနိုင်သည့် ပမာဏဖြင့် ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်နေလေသည်။ လူသားတွေ အသက်ရှင်နေထိုင်သော နေရာများတွင် တခြား အသက်တွေလည်း အတူပေါင်းစပ်နေသည်။ အသက်သည် မြေဆီလွှာနှင့် ရေတွင်၊ လေထဲရှိ အောက်စီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တွင် အာဟာရကို မှီဝဲထုတ်ယူသည်။ ထို့အပြင် အများစုသော အသက်တို့အတွက် အရေးပါဆုံးသော စွမ်းအင်ကိုပေးသည့် နေဆီမှ မှီဝဲထုတ်ယူသည်။ အဟာရများ ချို့တည့်သည့် ပတ်ဝန်းကျင်တွင်၊ အောက်ဆီဂျင် နည်းပါးသည့် ပတ်ဝန်းကျင်တွင်၊ နေရောင်ခြည်မရရှိသည့် ပတ်ဝန်းကျင်တွင်၊ စိုထိုင်းမှုလုံးဝမရှိသည့် ပတ်ဝန်းကျင်တွင် သက်ရှိတို့ နည်းပါးလိမ့်မည်။ သို့မဟုတ် ပျောက်ကွယ်နေလိမ့်မည်။

သက်ရှိတို့အတွက် မှီတင်းနေထိုင်ရာ အလွှာသည် ကမ္ဘာမြေကြီးမှ လေထုထဲ အမြင့်ငါးမိုင် ခန့်အကွာ (တချို့သော အင်းဆက်မျိုးနှင့် မိုက်ခရုတ်ပိုးမွှားမျိုးများ ဖြန့်ကျနိုင်ရာ) ထိ၊ ထိုအကွာအဝေးနှစ်ခုကြားမှ အလွှာအတွင်းတွင်သာ ဖြစ်သည်။ သည့်ထက်ပိုမြင့်လျှင်ပိုနိမ့်လျင် အသက်ရယ်လို့ မရှိနိုင်၊ ထိုခန့်မှန်းခြေအလွှာထုကို အသက်စက်ဝန်း သို့မဟုတ် ဇီဝစက်ဝန်း (Biosphere)ဟုခေါ်သည်။

ထိုအထဲမှာမှ အများစုသော အသက်တို့သည် သည်ထက်ပို ကျဉ်းမြောင်းသည့်အလွှာတွင် နေထိုင်ကြသည်။ ဥပမာ အောက်ဆိုလျင် သမုဒ္ဒရာအေအောက်ပေ ၆၀၀အနက် (နေရောင်ခြည် ထွငဖောက်နိုင်သည့် အနက်ဆုံး)တွင်သာ နေထိုင်ကြသည်။ အထက်ဆိုလျှင် ရေခဲဖုံးလွမ်းသည့် တောင်မြင့်တွေ၏ ထိပ်ဖျားလောက် (ရေခဲပြင်ရောနေသည့် မြေဆီလွှာ ပါးပါးတွင် မှီတင်းသည့် ရေညှိရောမှော်အပင်အမျိုးအစားများ ရှင်သန်နိုင်ရာ)မှသာ အများစုသော အသက်တို့ မှီတင်း နေထိုင်နိုင်ကြသည်။ ထိုဇီဝစက်ဝန်းထဲတွင် သက်ရှိအစုအစုတို့ သူ့အပိုင်းနှင့်သူ စုဝေးရာနယ်မြေတွေကိုတော့ ဇီဝန်ယ်ပယ် (Biome)ဟု ခေါ်ကြသည်။

ထိုဇီဝနယ်ပယ်တို့သည် ဒေသအလိုက် ဥတုကွဲပြားသည့်အပေါ်မှာ ပေါက်ရောက်သည့် အပင်အမျိုးအစားများပေါ် မှာ ပေါက်ရောက်သည့် အပင်အမျိုးအစားများပေါ် မူတည်ပြိး ကွဲပြားခြားနားနေကြခြင်းဖြစ်သည်။ ထို ဇီဝနယ်ပယ်တို့ကို လေ့လာရမည်ဖြစ်သလို ဒေသအလိုက် ခြားနားအောင် ဥတုဟု ဖြစ်လာအောင် မည်သည့် အကြောင်းခြင်းရာတွေက တွန်းပို့ပေးနေသလဲ ဆိုတာကိုပါ သိဖို့လိုပါသည်။

ရာသီဥတု (Climate)
ရာသီဥတုဆိုသည်မှာ ကမ္ဘာကြီးပတ်လည လက်တီတွက်မျဉ်းကြောင်းများအရ လိုက်ပါဖြစ်ပေါ်နေသည့် အခြေအနေတစ်ခု ဖြစ်သည်။ အလယ်အီကွေတာမျဉ်းကြောင်း တစ်ဝိုက်တွင် ရှိသည့် နိုင်ငံအများစူသည် တစ်နှစ်ပတ်လုံး တစ်သမတ်တည်း ပူနွေးစိုထိုင်းသည့် အနေအထားရှိပြီး တောင်ဘက် သို့မဟုတ် မြောက်ဘက်သို့ ခရီးဆက်လာလေလေ ပူနွေးမှုလျော့လာပြီး အေးမြသည့် ဆောင်းလတွင် ပိုများလာလေဖြစ်သည်။

ပထဝီဒေသ တစ်ခုချင်းစီ၏ ပျမ်းမျှ အပူအအေး၊ စိုစွတ်မှု၊ ခြောက်သွေ့မှု အခြေအနေကို ကာလ ကြာရှည် နှစ်ပေါင်းများစွာ၊ ရာစုနှစ်တွေနှင့် ချီလျက် စောင့်ကြည့်ပြီး ရာသီဥတုဟု သတ်မှတ်ယူကြသည်။ ရာသီဥတုတွင် ရာသီကဲ့သို့ပင် အပူချိန်၊ အငွေ့ပျံမှု၊ စိုထိုင်းမှု၊ လေတိုက်ခတ်နှုန်းနှင့် လေဦးတည်ရာအရပ် တိမ်အုပ်ဆိုင်းမှုနှင့် နေရောင်ခြည်ဖြန့်ကျက်မှုပမာဏတို့ ပါဝင်နေသည်။ ရာသီဥတုသည် ပြောင်းတော့ပြောင်းလဲပါ၏။ သို့သော် ရာစုနှစ်တွေ ထောင်စုနှစ်တွေ ကြာရှည်သည့် ကာလမှာ ပြောင်းလဲခြင်းသာ ဖြစ်သည်။ အချို့သော ရာသီဥတု အပြောင်းလဲသည် သိသာထင်ရှား၏။ ရေခဲပြင်တွေ ဖြစ်ပေါ်ပြီး ရေခဲ ခေတ်များ ဖြစ်ပေါ်ပြောင်းလဲခဲ့ဖူးသည်။ ထိုမှ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲသက်ရောက်မှုတွေ ဖြစ်ပေါ်လာရသည်။ ထိုကဲ့သို့ ရာသီဥတု ပြောင်းလဲသည်မှာ အချက် ၅ ခု ပါဝင်သည့် ဖြစ်စဉ် တစ်ခုဖြစ်သည်။

၁။ သမုဒ္ဒရာ၏ အပူချိန်ပြောင်းလဲမှု၊
၂။ ကမ္ဘာကြီးထဲက ပထဝီပြောင်းလဲမှု၊
၃။ မီးတောက်လှုပ်ရှားအုံကြွမှုနှင့် တစ်ဆက်တည်း လေထု အတွင်း အမှုန်များတိုးပွားလာပြီး နေရောင်ခြည်ဖောက်ထွင်းမှု လျော့နည်းလာခြင်း။
၎။ နေရောင်ခြည် ဖြန့်ကျက်မှု အနည်း အများကွဲပြားခြင်း။
၅။ လေထုအတွင်း အပူစွမ်းအင်စုတ်ယူသည့် ဓါတ်ငွေ့များ တိုးပွားလာခြင်း စသည်တို့ ဖြစ်သည်။

ပြီးခဲ့သည့် ရာစုနှစ်တွေ ကမ္ဘာကြီး၏ အပူချိန်သည် ၁ ဒီဂရီဖာရင်ဟိုက် မြင့်တက်လာပြိး ထိုမှ တစ်ဆက်တည်း ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုစာတွင်သိသိသာသာ ပူနွေးလာခဲ့သည်ဟု ဆိုသည်။ ထိုအပြင် ပြီးခဲ့သည့် နှစ် ၅၀ အတွင်းက ပိုပူနွေးလာသည့် ကမ္ဘာ့အပူချိန်မြင့်မှုတွင် ၅၀ ရာခိုင်နှုန်းက လူတွေကြောင့်ဖြစ်သည်ဟု လေ့လာရှာဖွေတွေ့ရှိခဲ့သည်။ လူတွေ ပြုလုပ်ဆောင်ရွက်မှုများကြောင့် အဓိက ဖန်လုံအိမ် ဓါတ်ငွေ့များဖြစ်သည့် မီသိန်း ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်တြပ်စ်အောက်ဆိုက်တို့ ပိုများလာသည်။ ထိုဓာတ်ငွေ့များထဲတွင်မှ ပိုပြီး ထိရောက်သည်မှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ ဓါတ်ငွေ့များပြားမှုကြောင့် ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်သည် စက်မှုတော်လှန်ရေးအပြီး စက်ရုံများ အကြီးအကျယ် တိုးချဲ့လာခြင်းမှ ရလဒ်ဖြစ်သည်။ ဆယ့်ရှစ်ရာစုတုန်းက ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏထက် ယခုအခါ လေထုထဲတွင် ၃၀ ရာခိုင်နှုန်းခန့်ပိုမို မြင့်တက်နေပြီဖြစ်သည်။

ကမ္ဘာ့ရာသီဥတုသည် အပူချိန်ကြောင့် အဓိကပြောင်းလဲနေသည်။ နောက်ရာစုသစ်အကုန်တွင် စက်မှု တော်လှန်ရေး မတိုင်မီ ကာလထက် ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ နှစ်ဆခန့် ပိုမိုမြင့်တက်မည်ဟု သိပံ္ပပညာရှင်တွေက ခန့်မှန်းသည်။ သူတို့က တဆက်တည်း ထင်မြင်ချက်ပေးသည်မှာ ကာဗွန်ထုတ်လုပ်သော ထင်းမီးသွေး ကျောက်မီးသွေးတို့ကို လျှော့ချပြီး သဘာဝ ဓါတ်ငွေ့နှင့် ဟိုက်ဒြိုဂျင်ကို ပြောင်းလဲ အသုံးမပြုဘူးဆိုပါက သည့်ထက်ပိုပြီး ကာဗွန်ဒိုင်အောက်ဆိုက် မြင့်တက် များပြားဦးမည်ဟု ဆို၏။

စွမ်းအင်ထုတ်လုပ်မှု အချိုးအဆတွင် ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချ အသုံးချဖို့ကို ဘေးဖယ်ထားလျှင် ကမ္ဘာ့လူဦးရေ များပြားခြင်းက ကာဗွန်ဒိုင်အောက်ဆိုက်ကို ပမာဏကို တစ်ရှိန်ထိုး တိုးမြင့်စေသည်။ ထိုမှ ရလဒ်အဖြစ် ကမ္ဘာကြီး၏ ရာသီဥတုတွင် ရာသီတွင် လူနေမှု ဟန်ပန်တွင် အလွန်အမင်းပြောင်းလဲမှုများကို ဖြစ်ပေါ်စေလိမ့်မည်။

ရာသီဥတုများကို ချုပ်ကိုင်လွှမ်းမိုးနေသည့် စွမ်းအင်အမြင့်ဆုံးအရာမှာ နေဖြစ်သည်။ ကမ္ဘာမြေပြင်ရှိ တစ်ခုသော ပထဝီဒေသတစ်ခုတွင် ကျရောက်သည့် နေရောင်ခြည်ပမာဏသည် ထိုဒေသရှိ ပူနွေးမှုအဆင့် လေထု လှုပ်ရှားမှုနှင့် အငွေ့ပြန့်ခြင်းတို့ကို ဆုံးဖြတ်ပေးသည်။ ကမ္ဘာသည် စောင်းနေသည့် မိမိဝန်ရိုးပေါ်တွင် လှည့်ပတ်ပြီး နေကို ပတ်နေခြင်းဖြစ်သဖြင့် နေရောင်ခြည် ရိုက်ခတ်မှုသည် တစ်နေရာနှင့် တစ်နေရာမတူ ပြောင်းလဲနေသည်။ နေနှင့် ဝေးသည့် ဒေသတွင် နေရောင်ခြည်၏ ပမာဏနှင့် ပြင်းအားလျှော့ကျသည်။ ကမ္ဘာသည် နေနှင့် မိုင်ပေါင်း ၉၃ သန်းဝေးသဖြင့် ကမ္ဘာသည် နေစွမ်းအင်၏ အလွန် သေးငယ်သော ပမာဏကိုသာ လက်ခံရရှိသည်။

ကမ္ဘာ၏ နေနှင့် အကွာအဝေးသည်ရာသီဖြစ်ပေါ်မှုတွင် မဖြစ်စလောက်လေးသာ သက်ဆိုင်၏။ ရာသီဖြစ်ပေါ်ခြင်းသည် ကမ္ဘာက မိမိ ဝင်ရိုးစွန်းပေါ်တွင်စောင်းပြီးမှ နေကို လှည့်ပတ်နေခြင်း အကျိုးဆက်ပင်ဖြစ်သည်။ ကမ္ဘာသည် အပေါ်အောက် တည့်တည့် မျဉ်းမှ ၂၃.၅ ဒီဂရီစောင်းပြီး နေကို လှည့်ပတ်နေခြင်းဖြစ်သဖြင့် အချို့သော ဒေသတို့တွင် နေရောင်ခြည် တည့်တည့် ကျပြီး အခြားတစ်ဘက်တွင် နေရောင်ခြည်က စောင်းလျှက် ကျရောက်နေသည်။ အီကွေတာ ဒေသက တည့်တည့်ကျသော နေရောင်ခြည်ကို ပမာဏ အများဆုံးရရှိပြီး အများဆုံး စုပ်ယူလိုက်သည်။ ပို၍ ပူနွေးသော လေသည် စိုထိုင်းမှုကို ပို၍ ထိမ်းထားနိုင်၏ ထိုနောက် ထိုစိုထိုင်းမှုမှာအငွေ့ပျံခြင်း အဖြစ် ပြောင်းလဲသွားပြီး အောက်သို့ ပြန်ကျလာသည်။

လေ၏ လှုပ်ရှားမှု လမ်းကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း သုံးရာခန့် ၁၇၃၅ ခုနှစ်ကတည်းက ဆာဂျော့ဂ်ျ ဟတ်ဒ်လေ ဆိုသူ ပညာရှင်က တွက်ချက်ပုံဖော်ပေးခဲ့ပြီးစြဖ်သည်။ မကြာသေးမီနှစ်များဆီက ထိုပုံဖေါ်မှုကို ဖြည့်စွပ် ပြုပြင်လိုက်သော်လည်း အခြေခံသဘောမှာ မူလ အတိုင်းပဲဖြစ်သည်။ နေသည် အီကွေတာရှိလေကို ပူနွေးစေသည်။ လေမော်လီဂျူးများက အပူကို စုပ်ယူပြီးသည့်အခါ သူတို့ပြန့်ကျဲသွားကြသည်။ ဓါတ်ငွေ့များ ပြန့်ကျဲသွားကြပြီး သိပ်သည်းဆ လျော့နည်းလာသည်။ ထိုလေသည် အထက်သို့တက်ကာ အီကွေတာနှင့် ဝေးရာဆီသို့သွားကြသည်။ ထိုပူနွေးသောလေသည် ရေဒီယိုအက်တစ်နှင့် ကွန်ဗက်တစ်ဗ် အအေးခံမှုတို့ကြောင့် အနွေးဓါတ် လျော့သွားပြီး အေးအေးလာကာ ကမ္ဘာမြေပြင်ပေါ်သို့ ပြန်ကျသည်။ ထိုအချိန်တွင် အီကွေတာဘက်ဆီသို ရွေ့လျားစီးဆင်းပြန်သည်။ ထိုနည်းဖြင့် ဟတ်ဒ်လေ၏ စီးကြောင်းပုံစံ ပြည့်စုံမှုရောက်သည်။ အီကွေတာ၏ ဟိုဖက်ခြမ်း သည်ဖက်ခြမ်းတွင် ထိုကဲ့သို့ လေစီးကြောင်းများဖြစ်နေသည်ကိုဟတ်ဒါလေဆဲလ်များ ဟုခေါ်သည်။

မကြာသေးမီက နောက်ထပ် ဖြည့်စွက်လိုက်သော ယူဆချက်မှာ ဟတ်ဒ်လေ ဆဲလ်စ်အများပါဝင်ပြီး ဇုန်သုံးခု မိုဒယ်လ် ဟုခေါ်သည်။ ထိုပုံစံတွင် အီကွေတာ၏ ဟိုဖက်သည်ဖက် နှစ်ခုစလုံးတွင် ဟတ်ဒ်လေဆဲလ်များ ဖြစ်ထွန်းနေသည်။ အပူစွမ်းအင် ဆုံးရှူံးသွားပြီး ခြောက်သွေ့သော လေအေးသည် ၃၀ ဒီဂရီ မြောက်နှင့်တောင် လတ္တီတွဒ် တို့တွင် ပြန်ကျလာသည်။ ပြန်ကျလာသော လေသည် ကျဉ်းမြောင်းသော နယ်ထဲ ပြန်ရောက်ကာ ပူနွေးလာသည်။ ပူနွေးခြောက်သွေ့သော လေသည် စိုထိုင်းမှုကို စုတ်ယူပြီးနောက် ကမ္ဘာ့မြေပြင်ရှိ အခြောက်သွေ့ဆုံးသော မြေမြင် ဧရိယာ တချို့ကို ထိုလတ္တီတွဒ်တွင် ဖြစ်ပေါ်စေသည်။ ထိုမြေပြင် ဧရိယာ ဥပမာတို့မှာ မြောက်အာဖရိက ရှိ ဆာဟာရ သဲကန္တာရနှင့် ချီလီကမ်းခြေ သဲကန္တာရ တို့ဖြစ်သည်။ (အခြားသဲကန္တာရ ဖြစ်စေသော အကြောင်းရင်းများ ရှိသေးသည်။) ထိုဒေသများမှ မြောက်သို့ တောင်လတ္တီတွဒ်မျဉ်းသို့ ရွေ့သွားလျှင် သမပိုင်း လတ္တီတွဒ်သို့ ရောက်မည်။ အမေရိကန်ပြည်ထောင်စု အဝန်းပိုင်းအလယ် အာရှနှင့် ဥရောပတို့ဖြစ်သည်။ ထိုအလယ် လတ္တီတွဒ်တို့တွင် စီးဆင်းတိုက်ခတ်သော လေထုသည် အပြောင်းအလဲများ၏

အကြောင်းမှာ ဝင်ရိုးစွန်း အခုံးရှိခြင်းကြောင့် တစ်ကြောင်း၊ ရွေ့ပြောင်းနေသော ဖိအားမြင့် ဖိအားနိမ့်စနစ်တို့က အပူပိုင်းရှေ့မျက်နှာစာနှင့် တွေ့သောကြောင့်တစ်ကြောင်း ရာသီဥတုကို ပြောင်းလဲစေသောကြောင့် ဖြစ်သည်။ ပူသောလေနှင့် အေးသောလေတို့ ထိပ်တိုက်တွေ့မိသောအခါ မုန်တိုင်း စနစ်ကို ဖြစ်ပေါ်စေပြီး ရေစက်ရေပေါက်များအဖြစ် ကျရောက်စသည်။ နောက်ဆုံးမှတော့ သြဇာဖြစ်ထွန်းသော စိုက်ပျိုးမြေဖြစ်လာတော့သည်။ ထိုကဲ့သို့ပင် ကမ္ဘာ၏ မြေအမျိုးအစား ကွာခြားမှုများ ဖြစ်ပေါ်ရသည်။ ဂေဟစနစ် တို့ဖြစ်ပေါ်ရသည်။ မတူညီသော ဇီဝနယ်ပယ်များ ဖြစ်ပေါ်ရသည်။

ဂေဟစနစ်နှင့် ဇီဝနယ်ပယ်(Ecosystems and biomes)
ဂေဟစနစ် (Ecosystem)
ဂေဟစနစ် ဟူသည် ဇီဝနယ်ပယ်၏ အစိတ်အပိုင်း ဖြစ်လေ့ရှိသည်။ ဇီဝစက်ဝန်း၊ ဇီဝနယ်ပယ်၊ ဂေဟစနစ်များနှင့် သက်ရှိဦးရေတို့သည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေကြသည်။ အပြန်အလှန် အမှီ သဟဲပြုနေကြ အလုပ်အတူတူ လုပ်နေကြသည်။ ဥပမာအားဖြင့် တိုင်ကပ်နာရီ သို့မဟုတ် လက်ပတ်နာရီ တခု အတွင်းရှိ ဂီယာများ၊ စပရင်များ၊ ခွေးသွားစိတ်များ စုပေါင်းပြီး အချိန်သိမှတ်ဖို့ အလုပ်လုပ်ကြသကဲ့သို့ပင်ဖြစ်သည်။ ထိုအရာများထဲက တစ်ခုခု တွင် အပြောင်းလဲများဖြစ်ပေါ်လျင် ထိုလုပ်ငန်းပျက်သွားမည်။ ထို သဘောသရားကို လူထု နယ်ပယ်နှင့် အုပ်ချုပ်ရေးစနစ်တွင် နှိုင်းယှဉ်နိုင်သည်။ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများနှင့် သတ္တဝါတစ်ကောင် အဖြစ် သို့မဟုတ် ကိုယ်ခံအားစနစ်နှင့် သတ္တဝါတစ်ကောင် အဖြစ်နှိုင်းယှဉ်နိုင်သည်။ မှန်လှောင်ရေကန်ထဲက ပုရွက်ဆိတ် အုပ်စုသည် ဂေဟစနစ်ပင်ဖြစ်သည်။ အမှိုက်ပုံတစ်ခုထဲက မိုက်ခရုပ်ဘ် ပိုးမွှားများကြောင့် ဆွေးမြေ့ပုပ်သိုးနေသော အမှိုက်တို့သည် ဂေဟစနစ်ပင်ဖြစ်သည်။ ရေကန်တစ်ကန်၊ ဒီရေအိုင် ငယ်တစ်ခု၊ တောင်ကြားမြစ်ဝှမ်းတစ်ခု သို့မဟုတ် ကမ္ဘာဂြိုလ် ကိုယ်တိုင် စသည်တို့သည် ဂေဟစနစ်ဟု မှတ်ယူနိုင်ဖွယ်ဖြစ်သည်။

ဂေဟစနစ်များတွင် သက်ရှိပိုင်းနှင့် သက်မဲ့ပိုင်း Biotic and abiotic ဟုပါဝင်သည်။ သက်ရှိ Biotic မှာ သက်ရှိ သတ္တဝါများ အကောင်ပလောင်များနှင့် ၎င်းတို့မှ ထွက်သော အရာများ၊ ဆီး၊ သေး၊ သက်ရွက်ဆွေး၊ သစ်ကိုင်းဆွေး၊ အရိုး၊ အသားတို့ ပါဝင်သည်။ သက်မဲ့ သို့မဟုတ် ရုပ်ဝတ္ထုပိုင်းမှာ ရေ၊ လေ၊ နေရောင်ခြည်၊ ဓါတ်သတ္တုများ ၎င်းတို့ အချင်းချင်း ဆက်စပ်မှု ကြောင့်ဖြစ်လာသည့် ရာသီဥတု၊ ဆားဓါတ်စိမ့်ဝင်မှု၊ လှုပ်ရှားမှုနှင့် အခြားသော သက်ရှိ သတ္တဝါများ၏ ဝန်းကျင်အပေါ် သက်ရောက်မှု အခြေအနေများဖြစ်သည်။ သက်ရှိနှင့် သက်မဲ့တို့၏ အပြန်အလှန်သက်ရောက်မှုများမှာ နီးကပ် ဆက်နွယ်နေသဖြင့် တစ်ခုနှင့် တစ်ခု ခွဲခြားပြီး လေ့လာဖို့ မလွယ်ကူလှပေ။ ဥပမာ မြေဆွေးတစ်ပိသာတွင် ကျောက်တုံး မြေကြီး အစအနများ၊ ရေ၊ အပင်အဆွေးများ တိရစ္ဆာန်၏ အကြွင်းအကျန် အပုပ်အဆွေးများ၊ ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို၊ ပရိုတိုဇိုးဝါး အဆင့်နိမ့်အကောင်များ၊ အင်းဆက်ပိုးများ၊ တီကောင်များ စသည်ဖြင့် ရောနှောလျက်ရှိသည်။ မြေဆွေး၏ ဇီဝ သက်ရှိ အပိုင်း မပါဝင်ဘူးဆိုလျှင်တော့ ထိုမြေသည် ဘာမှ သက်ဝင်လှုပ်ရှားခြင်းမရှိသည့် ဖုန်မှုန့် သက်သက်သာ ဖြစ်တော့မည်။

ဇီဝနယ်ပယ်
ဇီဝနယ်ပယ်ဆိုသည်မှာ ရာသီဥတု အနေအထားပေါ် တွင် မူတည်ပြီး ဖြစ်ပေါ်နေသော အပင်နှင့် အကောင်ပလောင် သက်ရှိတို့၏ ရှင်သန်ပေါက်ပွား ကြီးပြင်းနေထိုင်ရာ နယ်ပယ်ဖြစ်သည်။ ဇီဝနယ်ပယ်သည် အပင်အုပ်စုများ သို့မဟုတ် သတ္တဝါ အုပ်စုများ အနှောက်အယှက်မရှိ အစွမ်းကုန် မျိုးပွားရှင်သန်ရာ နယ်မြေဖြစ်သည်။ ဥပမာ ကညင်၊ အင်၊ ပျဉ်းကတိုး စသည့် သက်တမ်းရင့် သစ်မာပင်များ စွန့်ပယ်ထားသော ဥယျာဉ်မြေတွင် ပေါက်ရောက်ရန် နှစ်တစ်ရာလောက် ကြာချင်ကြာမည်။ ထိုအခြေအနေသို့ရောက်ရန် မတူညီသော သစ်ပင်အမျိုးအစားများ တစ်အုပ်စုပြီး တစ်အုပ်စု အစားထိုးနေရာယူ ရှင်သန်သွားပြီး နောက်ဆုံးအဆင့်ကျမှ သစ်တောတစ်ခု ဖြစ်ပေါ်လာရသည်ဖြစ်သည်။ ဇီဝနယ်ပယ်ဆိုသည်မှာ နေရာ တစ်ခုတွင် မြေဆီလွှာ အမျိုးအစား၊ အပင်အမျိုးအစားများ သတ္တဝါဦးရေ၊ ရာသီဥတုတို့ အချင်းချင်း တစ်မျိုးနှင့် တစ်မျိုး အပြန်အလှန် ဆက်သွယ် မှီခိုဖြစ်ထွန်းခြင်းဖြင့် ရရှိသော သဘာဝ ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ အဓိက ဇီဝနယ်ပယ်များကို တွန်ဒရာခေါ် ရုရှားပြည်မြောက်ပိုင်းရှိ သစ်ပင်မဲ့ မြေညီလွင်ပြင်ကြီးအမျိုးအစား၊ တိုင်ဂါ ခေါ် ဥရောပ နှင့် အာရှမြောက်ပိုင်း အေးခဲသော ဒေသတို့တွင် ပေါက်ရောက်သည့် ထင်းရှူးတောအမျိုးအစား၊ အပူအအေးညီမျှသော သမနွေးပိုင်း၊ သစ်တောဝန်းကျင်နှင့် မြက်ခင်းလွင်ပြင်များ၊ ကန္တာရများ၊ အပူပိုင်းဇီဝနယ်ပယ်များဟု ခွဲခြားထားသည်။ မြန်မာနိုင်ငံတည်ရှိသော အရှေ့တောင်အာရှသည် အပူပိုင်း သစ်တော ဇီဝနယ်ပယ်တွင်ပါဝင်သည်။

တွန်ဒရာ
တွန်ဒရာဇီဝနယ်ပယ်သည် ကမ္ဘာ့မြောက်ဘက်ခြမ်းအပေါ်ပိုင်း လတ္တီတွဒ်တွင်သာ တည်ရှိသည်။ အာတိတ် သမုဒ္ဒရာ ဝန်းကျင်မှာ ရှိသည်။ တောင်ပိုင်း လတ္တီတွဒ်တွင် အလားတူ တွန်ဒရာဇီဝနယ်ဖြစ်ပေါ်ဖို့အထိ အခြေအနေမရှိပေ။ တွန်ဒရာဇီဝနယ်ပယ်တစ်ခုတွင် အပင်ဟူ၍ ရှိသော်လည်း ရေညှိရေမှော်ဖုံးသည့် စိမ့်မြေများ၊ အပင်ပု မြေကပ်ပင်များ လောက်သာ ပေါက်ရောက်သည်။ ချုံပင်များသည် ပူနွေးသည့်ဓါတ်ကို စုပ်ယူထိန်းထားနိုင်သည်။ သစ်ပင်ပေါက်သည့် ရာသီမှာ အလွန်တိုတောင်းသည်။ ၆ ပတ်မှ ၁၀ ပတ်အထိသာ ကြာရှည်သည်။ မှောင်သော အေးခဲသော ဆောင်းရာသီက ရှည်လျားသည်။ တစ်နှစ်တာ ပျမ်းမျှအပူချိန်မှာ အများအားဖြင့် ရေခဲမှတ် သုည အောက်မှာ သာရှိသည်။ မိုးရေချိန် ငါးလက်မထက် နည်းပါးသည်။ ပြင်းထန်သော ခြောက်သွေ့သော လေပြင်းများတိုက်ခတ်သဖြင့် ဒေသသည် ခြောက်သွေ့သည်။ အပေါ်ယံ မြေဆီလွှာပါးပါးလေးအောက်တွင် Permafrost ဟုခေါ်သော ထာဝရရေခဲလွှာသာ တည်ရှိသည်။ ထိုကြောင့် သစ်ပင်အတော်အတန်ကြီးအောင် ပေါက်ရောက်နိုင်သည့် မြေအမျိုးအစားမဟုတ်။ တချို့သော သတ္တဝါများရှင်သန်ပေါက်ပွားနိုင်သည်။ ထိုသတ္တဝါတို့တွင် ထူထဲသော အမွှေးပွများ ပါရှိရသည်။ နှင်းဇီးကွက် သို့မဟုတ် ဇီးကွက်ဖြူ၊ ဝက်ဝံ၊ ဝန်ရိုးစွန်းဝက်ဝံ၊ မြေခွေး၊ ဝံပုလွေ၊ ကာရီဘူးဒရယ်၊ မြေခွေး၊ ရေငှက်များ ပေါက်ပွားသည်။ သူတို့သည် စူးရှပြင်းထန်သော ဆောင်းရာသီတွင် တောင်ပိုင်းသို့ ရွေ့ပြောင်းပြီး ဆောင်းခိုကြသည်။

တိုင်ဂါဇီဝနယ်ပယ်
ထိုဇီဝနယ်ပယ်သည် ထင်းးရှူးတောနယ်ပယ်ဖြစ်သည်။ ထင်းရှူးတောများသည် အလာစကာနှင့် ကနေဒါ ထိုမှ ဥရောပ၊ ဆိုက်ဘေးရီယားထိ ကျယ်ပြန့်သော အခုံးတစ်ဝိုက် ပြန့်နှံ့တည်ရှိသည်။ ထိုဒေသတွင် ဆောင်းရာသီသည် စူးရှပြင်းထန်ပြီး၊ ရေခဲမှတ်အောက်ရောက်သည့် အအေးက ၆ လထိကြာတတ်သည်။ သစ်ပင်ပေါက်ရောက်ချိန်မှာ ရက် ၅၀ နှင့် ၁၀၀ ကြားမှာ ရှိသည်။ မိုးရေချိန်မှာ ၁၅ လက်မမှ ၂၀ လက်မ လောက်သာရှိသည်။ အငွေ့ပျံ့နှုန်းနည်းပါးသည်။ ရေစီးမကောင်းသဖြင့် အပင်များတွင် ရေမှော်ရေညှိများ ထူထပ်သည်။ ထင်းရှူးရွက်များသည် အဖျားမှ နှင်းစက်များ ကျဆင်းနိုင်အောင် အဖျားချွန်သည်။ သေးငယ်ပြီး ဖယောင်းကဲ့သို့ မာကျောတောက်ပြောင်သော အရွက်များသည် ရေဓါတ် ဆုံးရှူံးမှု နည်းပါးစေသည်။ စိမ်းမှောင်သော အရွက်များသည် အပူကို ထိန်းထားပြီး ကြွေကျမှုလည်းမရှိသဖြင့် တိုတောင်းသော အပင်ပေါက်ရာသီတွင် ဖိုတိုဆင်းသီးဆစ်စ်အလင်းဖြင့် အစာချက်ခြင်းကို ချက်ချင်းပြုလုပ်နိုင်စွမ်းရှိသည်။

သားမွေးထူထပ်သော သတ္တဝါများရှင်သန်ပေါက်ပွားရာ ဒေသဖြစ်သည်။ ငှက်ပုတီး၊ စာကလေး၊ တော ကျီးကန်း ငှက်များနေထိုင်သည်။ ထင်းရှူးသီးများ အရေအတွက်နည်းပါးသည့် နှစ်တို့တွင် ထိုငှက်တို့သည် အခြားဒေသများသို့ ရွှေ့ပြောင်းကာ ကျက်စားကြသည်။

သမပိုင်းဇီဝနယ်ပယ်
သမပိုင်းအရွက်ကြီး ရွက်ကြွေတော
အနောက်နှင့် အလယ်ပိုင်း ဥရောပ၊ အရှေ့ပိုင်း အာရှနှင့် အရှေ့ပိုင်းမြောက် အမေရိကတွင် တည်ရှိသည်။ အကောင်းဆုံးရွက်ကြွေတောတွင် ဝက်သစ်ချ၊ မေပယ်။ သစ်အယ်ပင်တို့ပေါက်ရောက်သည်။ မိုးရေချိန်လက်မ ၂၀ နှင့် ၆၀ ကြားတွင် ရှိသည်။ ဆောင်းရာသီတွင် နှင်းထူထပ်ပြီး ရေခဲသဖြင့် ရေအခက်အခဲရှိပြီး ခြောက်သွေ့မှုကို တွေ့ရ၏။ ဆောင်းရာသီတွင် အရွက်ကြီးများ ကြွေကျပြီး အအေးဒဏ် ကြံ့ကြံ့ခံလျက် အစိုဓါတ်ကို ထိန်းသိမ်းသည်။ အရွက်တို့သည် အေးသော ရာသီတွင် ပထမ အနီရောင်ပြောင်းလာ၊ ထိုနောက် လိမ္မော်ရောင် ထိုနောက် ဝါလာပြီး ကလိုရိုဖီးလ် ချက်လုပ်ခြင်း ရပ်တန့်သွားကာ နောက်ဆုံးတွင် အရွက်တို့သေသွားပြီး မြေပြင်ပေါ်သို့ကျသည်။ ထိုရွက်ကြွေများသည် မြေပြင်တွင် အမှိုက်လွှာဖြစ်ပြီး humus ခေါ် အော်ဂဲနစ် ကမ္ပလာ ဖြစ်သွားသည်။

ထိုဇီဝနယ်တွင် ရှဥ့်များ၊ ဝက်ဝံနက်များ၊ ရက်ကွန်းများ တောင်ပေါ်ခြသေ့င်္နှင့် ဝံပုလွေများ ရှင်သန်ကြသည်။ အင်းဆက်ပိုးစားငှက်များ၊ ဝတ်ရည်စုပ်ငှက်များ၊ သစ်တောငှက်များ ရှိသည်။

သမပိုင်း အမြဲစိမ်းသစ်တောများ
သမပိုင်းဒေသများတွင် မြေဆီလွှာညံ့သည်။ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းများဖြစ်လွယ်သည်။ ထိုကြောင့် စိုးမိုးသော သစ်ပင်အမျိုးအစားမှာ အမြဲစိမ်းသစ်ပင်များ ဖြစ်တတ်သည်။ ထင်းရှူးမျိုးနှင့် အခြားရွက်ကြီးမျိုးသစ်ပင်များ ပါဝင်သည်။ အေးမြသော ကမ်းခြေပိုင်းရာသီဥတုတွင် မိုးရွာသွန်းအားကောင်းပြီး နှင်းမိုးထူထပ်လျှင် ၁၉၈ ပေမှ ၂၉၇ ပေထိ မြင့်သော ပျဉ်းကတိုးပင်များ hred wood trees ကို တွေ့မြင်နိုင်ဖွယ်ရှိသည်။ မြောက်အမေရိက၏ ပစိဖစ်ကမ်းခြေ၊ ချီလီနှင့် နယူးဇီလန်တို့တွင် ထိုသမပိုင်း အမြဲစိမ်းတောများ တွေ့နိုင်သည်။

သမမြက်ခင်းလွင်ပြင်များ၊
မြောက်အမေရိက မြက်ခင်းလွင်ပြင်၊ အာရှတိုက်ရှိ ဆိုက်ဘေးရီးယားကဲ့သို့ အပင်မဲ့လွင်ပြင်၊ တောင်အာဖရိကရှိ မြက်ဖုံးလွမ်းလွင်ပြင်တို့ဖြစ်သည်။ တစ်နှစ်တွင် မိုးရေချိန် ၁၀ လက်မမှ ၂၀ အတွင်းသာရှိပြီး ထိုအများစုသော မိုးရေတို့သည် နှင်းအဖြစ်သာ ကျရောက်သည်။ မြက်ခင်းများ၊ နေကြာခင်းများ ဖုံးလွမ်းထူထပ်သည်။ မြက်ခင်းပြင်တို့သည် မြေကြီ၏ အောက်ခြေကပ်လျက်တွင် ပေါက်ရောက်ပြီး တောမီးဒါဏ် မိုးခေါင်ခြောက်သွေ့သောဒဏ်၊ အအေးဒဏ် တို့ကို ကောင်းစွာ ခံနိုင်သည်။ အမြစ်သည် ရေငွေ့အစိုဓါတ်နှင့် အာဟာရဓါတ်တို့ကို စုပ်အားကောင်းသည်။ ထိုဒေသတို့တွင် ဇီဝမျိုးစုံလင်မှုတော့ အားနည်းသည်။ အရွက်စား ကြွက်မျိုးများ၊ မြေပေါ်ရှဥ့်များ၊ မြက်ခင်းလွင်ပြင်ခွေးများ၊ မြေကြွက်မျိုးများ ပါဝင်သည်။ ဝက်ဝံကြီးများ၊ တောင်ဆိတ်ကြီးများ၊ ဝံပုလွေများ နေထိုင်သော်လည်း လူတို့၏ နယ်ချဲ့နှောက်ယှက်မှုကြောင့် တောင်ပေါ်ဒေသများနှင့် အခြား လူဝေးသော တောအုတ် တစ်ချို့တွင်သာ တွေ့ရသည်။

အပူပိုင်း မိုးသစ်တော
လစဉ်ပျမ်းမျှအပူချိန် ၁၇.၈ ဒီဂရီ စင်တီဂရိတ်နှင့် နှစ်စဉ် မိုးရေချိန်လက်မ ၁၀၀ ကျော်ရှိသော အမြဲပူနွေးသည့် ဒေသဖြစ်သဖြင့် အပင်တို့သည် တစ်နှစ်ပတ်လုံး လျှင်မြန်စွာ ပေါက်ရောက်ကြသည်။ အပင်တို့ လျှင်မြန်စွာ ကြီးပြင်းသည့်အခါ သူတို့ထုတ်လုပ်သည်ထက် သုံးစွဲသည်က ပိုများသည်။ သို့သော် ကြီးထွားမှု နှေးကွေးသည်အခါ ဟန်ချက်ပြောင်းသွားသည်။ ၁၉၈၄ ခုနှစ်က သူတေသီ ဒက်ဘိုရာနှင့် ဒေဗစ်ကလာ့ခ်တို့သည် အပူပိုင်းမိုးသစ်တော သက်ရင်ပင်များ၏ ကြီးထွားနှုန်းကို ကွဲပြားခြားနားသော မျိုးစိတ် ၆ မျိုး၏ အကြီးမြန်အပင်များ၊ အကြီးနှေးကွေးပင်များဖြင့် စတင်စမ်းသပ်ခဲ့သည်။ သစ်ပင်များ ကြီးထွားနှုန်းသည်နှစ်အလိုက် မတူညီကြသည်ကို သူတို့တွေ့ခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် အဆများသော နှစ်များတွင်သစ်ပင်တို့ ကြီးထွားမှု နှေးကွေးကြပြီး ကာဗွန်ဒိုင်အောက်ဆိုက် နည်းသောနှစ်များတွင် ကြီးထွားမှု မြန်ဆန်သည်။

အပူပိုင်း မိုးသစ်တောတို့တွင် သစ်တောကြမ်းပြင် မြေပြင်သို့ နေရောင်ခြည် ၁၀ ရာခိုင်နှုန်းသာ ရောက်ရှိသည့် အတွက် တစ်ပင်နှင့် တစ်ပင် အပြိုင်အဆိုင် ထိုနေရောင်ခြည်ကို လုကြရသည်။ လူသူအနှောက်အယှက်မရှိသည့် နက်ရှိုင်းသည့် မိုးသစ်တော၏ အတွင်းပိုင်းတွင် အပင်ငယ်လေးများ ကျဲပါးသည်။ ထိုအပိုင်းသည် ရှားပါးလှသော နေရောင်ခြည်နှင့် မြေဆီလွှာခပ်ညံ့ညံ့ ပြိုင်ဆိုင်စုပ်ယူရသည်။ ထိုအပိုင်းကို သစ်တော အောက်ခြေပိုင်း Under story ဟုခေါ်သည်။ မြေဆီလွှာသည် အလွှပါးပြီး ပွယောင်းသည်။ ဇီဝလှုပ်ရှားမှုမြန်ဆန်သဖြင့် အော်ဂဲနစ်သက်ရှိပိုင်းများ ဆွေးမြေ့လွယ်ကာ ထိုမှတစ်ဆင့် အပင်သစ် သက်ရှိသစ် လျှင်မြန်စွာ ဖြစ်ထွန်းသောကြောင့် ဖြစ်သည်။ ထိုသို့ မြေဆီလွှာပါးသည့် အတွက် အပင်တို့သည် မိမိတိုပအဖြစ်များအား ခပ်တိုတိုနှင့် အပင်ခြေမှ ဘေးသို့ ပြန့်ကျယ်စွာ ဖြန့်ပြီး အဟာရကို ဟုပ်ယူရန် ပုံစံဖော်ဖြစ်သွားသည်။ ပင်ခြေတွင် ပင်စည်သည် အခေါက်လိုက် အချပ်လိုက် ပြန့်လျက်buttress ပုံစံဖြစ်နေသည်။ ထိုနည်းဖြင့် ပင်စည်က မြေဆီလွှာပါးပါးထံမှ အဟာရကို လုံလောက်စွာရရှိသည်။ သစ်တော၏ ရွက်အုပ်ထူထပ်မှုကြောင့် နေရောင်ခြည်ကို လုံလောက်စွာမရရှိသည့်အခါ အောက်ပိုင်းရှိ အချို့သော အပင်များအား နည်းအမျိုးမျိုးဖြင့် နေရောင်ခြည်ဆီသို့ ရောက်ဖို့ ယှဉ်ပြိုင်ရှင်သန်ရန် တွန်းအားပေးနေသည်။

နွယ်ပင်များ လေထဲတွင် အညွန့်တက်သော အပင်များ ပင်စည်ကို ကပ်နေသည့် epiphytes တွယ်ကပ်ပင်များသည် သစ်တော၏ မြင့်မားသော အကိုင်းအခက်ထိပ်ဖျားတို့တွင် ရှင်သန်ပေါက်ရောက်ကြသည်။ ထိုကပ်ပါးပင်တို့သည် သစ်ပင်အကိုင်းတို့ကို ကုတ်တွယ်မှီထောက်ပြီး လေထဲမှ ရေငွေ့ဓါတ်ကို စုပ်ယူသည်။ လေဖြင့်ရောက်လာသော ဖုန်မှုန့်များ သစ်ရွက်ကြွေလေးများကို သိုလှောင်သိမ်းဆည်းပြီး အဟာရပြုလုပ်ယူသည်။ နာနတ်မျိုးရင်းဝင်အပ်င တစ်မျိုးဖြစ်သော Bromeliad ပင်၊ သစ်ခွ၊ ရှားစောင်းမျိုးရင်းပင်များ၊ ဋရင်ကောက်ငှက်မွှေးပင် များသည် သစ်ပင်ကြီးများ၏ ထိပ်ဖျားရွက်အုတ်ကြီးတို့တွင် မှီတွယ်ကပ်ပေါက်ရောက်သည့် ကပ်ပါးပင်များဖြစ်သည်။

ညောင်ပင်ကဲ့သို့သော မျိုးစိတ်တို့သည် မူလ ပထမ ကပ်ပါးအဖြစ် သစ်ပင်ကြီးများ၏ ရွက်အုပ်တို့တွင် တွယ်ကပ်ပေါက်ရောက်ပြီးမှ သူတို့၏ အမြစ်များကို အောက်ခြေသို့ လျော့ကျဆင်းပြီး သစ်တောအောက်မြေပြင်ကို အမြစ်တွယ်လေ့ရှိသည်။ ထိုကြောင့် သူတို့ကို လိမ်နွယ်ညစ်သည့်အပင်များ Stranglers ဟုခေါ်ကြသည်။ အခေါက်ထူ အသားထူ နွယ်ပင်အများအပြားပင် သစ်တော၏ ရွက်အုပ် ခဏပွင့်သွားသည့်အချိန်ရသမျှတွင် အလင်ရောင်ဆီသို့ လျှင်မြန်စွာ ထိုဖောက်နွယ်တတ်ကြသည်။ ပြီးနောက် ထိုရွက်အုပ်ထိပ်ဖျားတို့တွင် နွယ်ပင်တို့က ပန်းပွင့်ပြီး အသီမျး လှိုင်လှိုင် သီးကြသည်။ ထိုနွယ်ပင်တို့သည် အရွက်ကြွေသည်။ သစ်တော အောက်ခြေတွင် သတ္တဝါ အနည်းငယ်သာ ရှိသည်။ ပျား၊ လိပ်ပြာနှင့် အခြားအင်းဆက်များသည် သစ်တောအုပ်ထိပ်ဖျားတို့တွင်သာ ရှိသည်။ မျောက်၊ ငှက်၊ ဖား စသည်တို့သည်လည်း သစ်ပင်ထိပ်ဖျား ရွက်အုပ်တို့တွင်သာ နေထိုင်ရှင်သန်ကြသည်။

အပူပိုင်းမိုး သစ်တောတို့သည် ရောဂါနှင့် ဗိုင်ရပ်စ် ပိုများကုသရန် ပရဆေးပင်တို့ပေါက်ရောက်ရာ နယ်ပယ်ဖြစ်သည်။ ထို့အတူ သမုဒ္ဒရာသည်လည်း ရောဂါမျိုးစုံကို ကုသနိုင်သည့် အပင်သတ္တဝါများ နေထိုင်ကျက်စားရာ ဖြစ်သည်။ သပုဒ္ဒရာတွင်းမှ ရေနဂါး (Seahorse)က၊ ကဏန်း၊ ကြယ်ငါး(Sterfish)၊ ဘက်တီးရီးယားနှင့် ရေမှော်စိမ်းတို့သည် ကင်ဆာ၊ အယ်ဇိုင်းမားရောဂါနှင့် အခြားရောဂါတို့ကို ကုသရာတွင် အသုံးဝင်သည်။ သန္တာရကျောက်တန်းများနှင့် အခြားနေရာတို့တွင်လည်း ဇီဝစွမ်းအင်အပြည့်မော်လီကျူးများဖြင့် သက်ရှိတို့ နေထိုင်ကြသည်။ ထိုဇီဝနယ်ပယ်သည် ရောဂါကုရန် အရေးပါသော အရာများဖြစ်သည်။

ကန္တာရများ၊
ကန္တာရများသည် ပတ်ဝန်းကျင်ရှိ ရာသီဥတုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ တစ်နှစ်လျှင်မိုးရေချိန် ၁၀ လက်မ ထက်နည်း၏။ ရေငွေ့ပျံခြင်းက မိုးဖြစ်ထွန်းခြင်းထက် ပိုမိုများသဖြင့် ရေအဖြစ်သို့ ရောက်ဖို့အလွန် ခက်ခဲသည်။ မိုးရွာလျှင်လည်း အကန့်အသတ်နှင့် ကွက်ကွက် ကလေးသာ ရွာတတ်ပြီး ဘယ်တော့မိုးရွာမည်လည်း ဟု ခန့်မှန်းဖို့ အလွန်ခက်ခဲသည်။ တချို့နှစ်များတွင် မိုးရွာသွန်းမှုများပြီး တချို့နှစ်များတွင် မိုရွာသွင်းမှု နည်းချင်နည်းမည်။ ကန္တာရသည် အမြဲတမ်းပူနေသည် မဟုတ်၊ နွေနေ့လယ်ခင်းများတွင် ၃၇.၈ ဒီဂရီ စင်တီလောက် အလွယ်တကူ တက်တတ်ပြီး ညခင်းများတွင် ၆.၇ ဒီဂရီ စင်တီဂရိတ်ထ ကျတတ်သည်။ အချို့ ကန္တာရများသည် နှင်းခဲ နှင်းသီးများ မရှိတတ်သော်လည်း အချို့ကန္တရများသည် သုည ဒီဂရီအောက် အအေးဖြင့် နှင်းခဲနှင်းသီးများ ဖြစ်ထွန်းတတ်သည်။ ကန္တာရများသည် ပထဝီအနေအထားနှင့် ရာသီဥတု အနေအထားကြောင့် ဖြစ်ထွန်းကြသည်။
၁။ ၂၀ ဒီဂရီ တောင်လတ္တီတွဒ်နှင့် ၃၀ ဒီဂရီ မြောက်လတ္တီတွဒ်ကြား တိုက်ကြီးများ၏ အနောက် ကမ်းခြေတလျှောက်တွင် အရှေ့လေ(အရှေ့မှ လာသည့်လေ)များ ဖြစ်ပေါ်ပြီး သမုဒ္ဒရာဆီမှ စိုထိုင်းသည့်ရေငွေ့ကို အထက်သို့ ပျံတက်စေသည့်နည်းဖြင့် ကမ္ဘာ၏ အခြောက်သွေ့ဆုံးသော ကန္တာရတို့ ဖြစ်ပေါ်လာရသည်။ ဆာဟာရသဲကန္တာရ၊ ဘာဂျာကယ်လီဖိုးနီးယား သဲကန္တာရတို့ဖြစ်သည်။
၂။ ၃၀ ဒီဂရီ လတ္တီတွဒ်အနီးတွင် သမနွေးပိုင်းလေသည် ဟတ်ဒ်လေ ဆဲလ်ပုံစံနမူနာအတိုင်း အောက်သို့ ပြန်ကျလာပြီး သူကျလာရာ လမ်းတစ်လျှောက်တွင် ကျစ်လစ်လာသည်။ ပူပြီး ခြောက်သွေ့လာကာ ပူနွေးသောလေကို ဖြစ်စေသည်။ ထိုလေက ရေငွေ့ကို စုပ်ယူလိုက်သဖြင့် မိုးအဖြစ် ပြောင်းလဲရန် မစွမ်းသာတော့ဘဲ ဆာဟာရကဲ့သို့ သဲကန္တာရမျိုး ဖြစ်ပေါ်လာရသည်။
၃။ သမပိုင်း ကန္တာရတို့မှာ မိုးရိပ် Rainshadows ဟုခေါ်သော နေရာတို့တွင် တည်ရှိတတ်သည်။ မိုးရိပ်တို့သည် မြင့်မားသော နေရာတို့တွင် တည်ရှိတတ်သည်။ မိုးရိပ်တို့သည် မြင့်မားသော ကမ်းရိုးတန်းတောင်မြင့်တောင်စောင်းများ တစ်လျှောက် လေကွယ်ရာ အရပ်တွင် ဖြစ်ပေါ်သည်။ ရေနွေ့သယ်ယူလာသော လေသည် တောင်တန်း၏ လေတိုက်ရာဘက်သို့ ချဉ်းကပ်လာပြီး လေက အထက်သို့တတ်သည်။ အေးလာသည်။ ထိုနောက် ဖိအားနည်းရပ်ဝန်းဖြစ်လာပြီး မိုးရွာကျ၏ လေတိုက်ရာဘက်သည် မိုးနှင့် နှင်းကို အများဆုံးရရှိသည်။။ ထိုလေသည် လေကွယ်ရာအရပ်ဖက်သို့ ကျသည့်အခါ ကျစ်လစ်လာပြီး ပူနွေးလာသည်။ ထိုနောက်ရေငွေ့ကို စုပ်ယူပြန်သည်။ ထို အမျိုးအစားမှာ ကယ်လီဖိုးနီးယားရှိ သေမင်းတောင်ကြား Death Valley ကန္တာရသို့မဟုတ် ပီးရူးဗီးယန်း ကန္တာရ တို့ဖြစ်သည်။
၎။ မွန်းဂိုးလီးယားနိုင်ငံရှိ ဂိုဘီကန္တာရနှင့် အမေရိကန်ပြည်ထေင်စုရှိ Great Bassin Desert တို့ကမူ ကုန်းတွင်းတိုက်ကြီး များ အတွင်းတွင်ဖြစ်ပေါ်သည်။ ထိုနေရာသည် စိုထိုင်းသည့် ရေငွေ့နှင့် အလှမ်းဝေးပြီး မိုးရိပ်ဖြစ်စဉ်ကလည်း အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်နေသည်။

ကန္တာရတို့သည် ရေလုံးဝခမ်းခြောက်ချို့တဲ့သည်တော့မဟုတ်။ ထိုနေရာကွင်းခေါင်ခေါင်တွင် ဇီဝသက်ရှိများ ရှင်သန်နိုင်ကြသည်။ ကန္တရရှိသောအပင်တို့မှာ မိုးခေါင်ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသော သေးငယ်သည့် အရွက်များရှိသည့် အမြဲစိမ်းချုံပုပ်ပင်များဖြစ်သည်။ အမြဲပင် ဆူးချွန်များ ရွက်ချွန်များရှိသည်။ မွှေးပျံ့သည့်ရနံ့ရှိ အဆီများထွက်သည်။ အမြစ်သည် ပတ်ဝန်းကျင်မှ ရနိုင်သမျှ ရေငွေ့ဓါတ်ကို စုပ်ယူရန် ဘေးသို့ရှည်လျားစွာ ဖြန့်ကျက်သည်။ တချို့အပင်များက မူမြေအောက်ရေကို ရရှိနိုင်ဖို့ မြေကြီးအောက်သို့ ပေ ၃၀ ခန့် ဖောက်ထွင်းသွားသည့် အမြစ်များရှိကြသည်။ သို့တိုင်အောင် အချို့အပင်တို့သည် အရွက်များအတိုင်းများထဲတွင် ရေ သိုလှောင်ပြီး မိုးခေါင်ခြောက်သွေ့သည့် ဒဏ်ကို ကြံ့ကြံ့ခံကြသည်။ ထိုအပင်များကို Succulents ဟုခေါ်သည်။ အပင်အမျိုးအစားပေါ်မူတည်ပြီး အပင်အစိတ်အပိုင်း အနှံ့အပြား ရေသိုလှောင်မှု ကွဲပြားသည်။ ပင်စည်တွင်၊ အရွက်တွင်၊ အသီးတွင်၊ အမြစ်တွင် စသည်ဖြင့် အမျိုးမျိုး ရေသိုလှောင်ကြသည်။ ရှားစောင်းလက်ပတ်ပင်သည် အရွက်တွင် ရေသိုလှောင်သော အမျိုးအစားဖြစ်သည်။

ကန္တာရရှိ သတ္တဝါအမျိုးစားတွေကလည်း ခြောက်သွေ့မှုကို ခံနိုင်ရည်ရှိသည့် အမျိုးအစားများဖြစ်သည်။ ထိုသတ္တဝါ သက်ရှိတို့၏ကိုယ်က သေးငယ်သည်။ အပူကို အများဆုံး ပြန်ထုတ်ဖြန့်ဝေနိုင်ရန် ရှည်လျားသော ကိုယ်ဖျားပိုင်း ပါဝင်နေလေ့ရှိသည်။ တိရစ္ဆာန်တို့၏ အရေပြားတွင် ချွေးဂလင်းများ မပါရှိတတ်။ သူတို့သည် ဆီးကို ယူရစ်အက်စစ် အဖြစ် ပြောင်းလဲပြီး အမြီးတွင် အဆီကို သိုလှောင်ထားသည်။ သူတို့သည် ညအခါမှ အပြင်ထွက်လေ့ရှိသည့် အကောင်းမျိုး ဖြစ်နိုင်ပြီး နွေလများတွင် အိပ်လေ့ရှိသော အမျိုးအစားများလည်း ဖြစ်နိုင်သည်။

(ရှေ့လတွင် စွမ်းအင် စီးဆင်းမှု Energy Flow အကြောင်းကို ဆက်လက်ဖေါ်ပြပါမည်။)
Ref: Living With Earth by Gary S. Moore
read more “ကမ္ဘာကြီးနှင့် အတူ နေထိုင်ခြင်း”

နို့ဖိုး-အမေရိကခရီးစဉ်

0 comments


မင်္ဂလာပါ စာရှုပရိသတ်ကြီး ခင်ဗျား။ ဒုက္ခသည်စခန်းထဲက မြန်မာများအနေနဲ့ တတိယနိုင်ငံ ထွက်ခွာရေးဟာ အဓိက မျှော်လင့်ချက် အိပ်မက်တစ်ခုပါပဲ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက် အတွက် ဘယ်လို ပြင်ဆင်မှုတွေလုပ်ထားပါသလဲ။ ဘယ်လို ရင်ဆိုင်မှုတွေ။ စိန်ခေါ်မှုတွေ တွေ့ကြုံနိုင်ပါသလဲ ဆိုတာကိုတော့ ခရေစေ့ တွင်းကျ ဘယ်သူသိနိုင်မှာလဲ။ သိထားတဲ့ အခြေအနေတွေကကော ဘယ်လောက် တိကျခိုင်မာမှု ရှိနိုင်ပါသလဲ။ ဘာတွေက မှန်ပြီး ဘာတွေကတော့ လွဲချော် နိုင်ပါသလဲ။ ဘယ်သူကမှ အတိအကျ မပြောပါဘူး။ ပြောခဲ့ရင်တောင် အသေးစိတ် မဆန်နိုင်ပါဘူး။ ဒီတစ်လတော့ ကိုသံဝေဂအနေနဲ့ အဲဒါလေးကို ပြောပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒုက္ခသည် အတော်များများ မကြာခင်ကာလ (ဒါမှမဟုတ်) နောင်တချိန်မှာ အဲဒါတွေကို တွေ့ကြုံကြရမှာပါ။ အဲဒီအတွက် ပြင်ဆင်စေချင်တဲ့ ဆန္ဒ။ အကျိုးရှိစေချင်တဲ့ စိတ်စေတနာနဲ့ ဒီတစ်လမှာတော့ ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။

ဇန်န၀ါရီလ (၂၇)ရက်။ ၂၀၀၉ ခုနှစ်

ကိုသံဝေဂ အနေနဲ့ ကမ္ဘာတစ်ခုလုံးက ဒီကနေ့ စိတ်ဝင်စားမှု အခံရဆုံး နိုင်ငံတစ်ခုဖြစ်နေတဲ့ အမေရိကန်နိုင်ငံကို အခြေချနေထိုင်ဖို့အတွက် ဇန်န၀ါရီ (၂၇)ရက်၊၂၀၀၉ ခုနှစ်မှာ အမိန့်စာပဲ ဆိုဆို။ အခွင့်အရေးထူးလို့ပဲ ပြောပြော။ ကံကောင်းခြင်းလို့ပဲ မှတ်မှတ်။ မလွဲ မသွေ သွားရမယ့် စာရင်းထဲ ပါလာပါတယ်။ ဒါနဲ့ပဲ နို့ဖိုးယူနိုက်တက်ကြီးကနေ ထွက်ခွာဖို့ အသင့်ပြင်ဆင် ရပါတော့တယ်။ သိတဲ့အတိုင်း တတိယနိုင်ငံ သွားရမယ်လို့ဆိုတာနဲ့ နို့ဖိုးစခန်းပြင်ပမှာ ရှိနေတဲ့ ကားဂိတ်ကို လာရပါတယ်။ ကိုသံဝေဂ အနေနဲ့ကတော့ အဲဒီနေရာလေးကို မျှော်လင့်ခြင်း ရင်ပြင်လို့ တိတ်တခိုး နာမည် ပေးထားပါတယ်။ ဒီနေရာလေးကို ဆိုက်ရောက်ဖို့အတွက် နှစ်နဲ့ချီ စောင့်ဆိုင်းရတာပါ။ အဲဒီနေရာလေးမှာ အရယ်။ အပြုံး။ အငို။ ပျော်ရွှင်ခြင်း။ ၀မ်းနည်းခြင်း အကုန်လုံးကို တွေ့မြင်ရပါတယ်။ ၀မ်းသာတယ် ဆိုတာကတော့ ဒုက္ခအခက်အခဲတွေက လွန်မြောက်ပြီ ဆိုတဲ့ အသိနဲ့ ၀မ်းသာနေကြသူတွေပေါ့။ ၀မ်းနည်းတာက ဗမာ့ဝန်းကျင်ကနေ စွန့်ခွာရပြီ။ မိတ်ဆွေတွေနဲ့ ခွဲခွာရပြီ။ တချို့ချစ်သူ။ ခင်သူတွေနဲ့ ဘယ်တော့ ပြန်ဆုံမယ်မသိ။ အဲဒီ စိတ်ခံစားမှုတွေနဲ့ပေါ့။ ကဲ။ မနက် ခုနှစ်နာရီခွဲလောက်မှာတော့ လာကြိုတဲ့ IOM ကားကြီး ဆိုက်ရောက်လို့လာပါပြီ။ အိတ်တွေတင်။ လူတွေ စစ်နဲ့ ၀ရုန်းသုန်းကား ကားကြီး ပေါ်တက်ကြရပါတယ်။ ကားစထွက်ပြီး မကြာခင်မှာပဲ တချို့က မနေ့က အစာဟောင်းတွေကို တတိယနိုင်ငံအထိ မသယ်ဆောင်ချင်တဲ့အလား ပြန်ထုတ်ကြပါတယ်။ (အမှန်တော့ ကားမူးတတ်တာပါ။ မူးတတ်ရင်လည်း ဘေးပတ်ဝန်းကျင်က လူတွေ အနှောက်အယှက် မဖြစ်ရအောင် ဆေးကြို သောက်သင့်ပါတယ်။ နိုင်ငံကြီးသား ပီသတဲ့ စိတ် နဲ့ပေါ့။) ထားပါ။ ဒါကလည်း ပင်ကိုယ် အကျင့်ဟောင်းတွေ မဖျောက်နိုင်တဲ့ သဘောဆောင်နေတာကိုး။ ကားက အုန်းဖျန့် ဒုက္ခသည်စခန်း ရောက်မှ ခရီးတထောက်နားပြီး အသင့်ဝယ်ထားတဲ့ အေးစက်စက် ဖွင့်တယ်တယ် အရသာမရှိတဲ့ ထမင်းကြော်နဲ့ ဒုက္ခသည်တွေကို ကျွေးမွေးတယ်။ ပြီးတာနဲ့ မယ်ပ မှာ ရှိနေတဲ့ တတိယနိုင်ငံသွားမယ့် သူတွေ အတွက် အထူးစီမံထားတဲ့နေရာ (အချုပ်ခန်း) ကို ပို့ဆောင်ပါတယ်။ အချုပ်ခန်းလို့ ခေါ်ဆိုရတဲ့ အကြောင်းရင်းကို မယ်ပ ကို DHS အတွက်နဲ့ ရောက်ရှိဖူးသူတွေ။ ဆေးစစ်အတွက် အခါခါ သွားရဖူးသူတွေ သိမှာပါ။ အဲဒီကို ရောက်တဲ့လူတိုင်းဟာ ခြံစည်းရိုးဝင်းအတွင်းမှာပဲ နေရပါတယ်။ သူတို့ကျွေးတဲ့ အစာကို ကောင်း ကောင်း။ မကောင်းကောင်း စားရပါတယ်။ တတ်နိုင်လို့ ပြင်ပက မိတ်ဆွေတွေကို မှာယူလိုတယ်ဆိုရင်ဖြင့် ဖုန်းဆက်ပြီး ထောင် ၀င်စာ လာတွေ့သလို ခြံစည်းရိုး အတွင်းနဲ့အပြင် စကားပြောရသလို။ လာပို့ ပေးတဲ့ စားစရာကိုလည်း သံဆူးကြိုးကြားက ဖြဲယူရပါတယ်။

ပဟေဠိဆန်သော မယ်ပ အိန်ဂျယ်လ်များနှင့် ဘလက်မားကက် အကျိုးဆောင်လုပ်ငန်း

အဲဒီ မယ်ပ မှာ အဆောင်ကြီး နှစ်ခုရှိပါတယ်။ တစ်ခုကတော့ DHS နဲ့ ဆေးစစ်ဖို့အတွက် ထားရှိတာဖြစ်ပြီး။ နောက်တစ်ခုကတော့ တတိယနိုင်ငံကို ထွက်ခွာတော့မယ့် သူတွေအတွက် သီးသန့်ထားရှိတာပါ။ ဘယ်လိုအတွက်နဲ့ပဲ ရောက်ရောက်။ အဲဒီကို ရောက်တဲ့သူတွေဟာ မယ်ပ အိန်ဂျယ်လ်များနဲ့ ဘလက်မားကက် အကျိုးဆောင်လုပ်ငန်း ဆိုတာကို မသိမဖြစ် သိရပါမယ်။ မြန်မာ့ရုပ်မြင်သံကြား ခေတ်ဦးကို မှီတဲ့သူတွေနဲ့ အခုနောက်ပိုင်း အင်္ဂလိပ်ဗွီဒီယို ဇာတ်လမ်း ကြည့်ဖူးသူတွေ ချားလိစ် အိန်ဂျယ်လ် လို့ခေါ်တဲ့ Charlie’s Angel စုံထောက် ဇာတ်လမ်းရုပ်ရှင်ကို သိကြမှာပါ။ အင်မတန် ချောမောလှပတဲ့ စုံထောက်မလေးသုံးယောက်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာပါ။ ဒါပေမယ့် ကျနော်တို့ ကြုံတွေရမယ့် မယ်ပ အိန်ဂျယ်လ်များကတော့ ခြောက်ယောက် ပါဝင်ဖွဲ့စည်းထားတာပါ။ သူတို့ထဲက တစ်ဦးချင်းစီရဲ့ ဇာတ်ရုပ်ကို ကျနော် အတတ်နိုင်ဆုံး ပုံဖော်ပေးပါ့မယ်။

ပထမဦးဆုံး တစ်ယောက်က အဖွဲ့ခေါင်းဆောင် ဖြစ်ဟန်တူပါတယ်။ သူက မျက်လုံးပြူးတယ်။ အရပ်ပုတယ်။ ကိုယ်လုံးကိုယ်ထည် အ၀ဆုံးလို့ ပြောလို့ရတယ်။ သူ့ရဲ့ အထူးခြားဆုံးအချက်ကတော့ ထိုင်းဘာသာစကားကို ရေလည်အောင် ပြောတတ်တဲ့အပြင် အလှအပ ပြင်ဆင်တဲ့နေရာမှာတော့ ခေါင်းကနေ ခြေထောက်အထိ တကိုယ်လုံးကို ရှုပ်ရှက်ခတ်နေအောင် မြင်ပြင်းကပ်ရလောက်အောင် ပြင်ဆင်ထားပြီး။ မြန်မာဘာသာစကားကို မြန်မာတစ်ယောက် နားလည်ရန် ခက်ခဲတဲ့ လေသံ၊ ၀ါကျ တည်ဆောက်မှုနဲ့ ပြောတယ်။ သူ့ရဲ့ ဒုက္ခသည်တွေအပေါ် အဓိကလုပ်ဆောင် ပေးရတာကတော့ မြန်မာလို စကားပြောဆို ရှင်းလင်းပေးရခြင်းပဲ ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်ပြီး ဒုက္ခသည်တစ်ယောက်ရဲ့ မှတ်ချက်ကတော့ “သူ့ကို ကြည့်ရင်း ကြည့်ရင်း သူ့အစား ငါ ရင်လေးမိတယ်” လို့ ဆိုသဗျ။ ဘာ့ကြောင့်လဲ ကျနော်မသိဘူး။ ဒုတိယတစ်ယောက် ကတော့ အရပ်ပုတယ်။ ကိုယ်လုံး ကိုယ်ပေါက် အနေတော် ပါပဲ။ မျက်ခုံး မျက်လုံး ဗွီ (V) ပုံသ္ဂာန် နီးပါးဖြစ်နေမယ်။ စကားပြောရင် အဆိုတော် ဇော်ဝင်းထွဋ်လေသံနဲ့ ပြော ပါတယ်။ ဆံပင်ကိုတော့ Rဇာနည် ပုံဖမ်းထားတယ်။ စကားပြောရင် ကရင်ဘာသာ စကားတမျိုးထဲ ပြောတယ်။ သူ့မျက်နှာမှာ အထင်ရှားဆုံး ကတော့ ပါးနီတွေကို မျောက်တစ်ကောင်ရဲ့ မျက်နှာနဲ့ တူအောင် လိမ်းခြယ်ထားခြင်းပဲ။ တတိယ တစ်ယောက်ကတော့ သူတို့အထဲမှာ အရပ် အရှည်ဆုံးလို့ ပြောလို့ ရပါတယ်။ မျက်နှာသွယ်သွယ်။ မျက်လုံး ၀ိုင်းဝိုင်းလှလှ နှုတ်ခမ်းဖူးဖူးလေးတွေအပြင်။ ကိုယ်လုံးကလည်း ပြောစရာမရှိအောင် အဆင်ပြေပြီး ရုပ်လည်း အချောဆုံးလို့ ပြောရမှာပါပဲ။ ကျနော့်အပြင် ယောက်ျားလေး အတော်များများဟာ သူ့ကို မြင်တာနဲ့ ကြွေးရှင်ကို တွေ့လိုက်ရသလို ဖြစ်သွားပြီး အကြွေးတောင်း ခံလိုက်ရသလို ခဏလောက်တော့ ငိုင်သွားရတာချည်းပါပဲ။ သူ့ရဲ့ အထူးခြားဆုံး အချက်ကတော့ ဘယ်သူ့ကိုမှ ဘာစကားမှ မပြောသလို။ သူ့ရဲ့ အချိန်အတော်များများကို တယ်လီဖုန်းနဲ့သာ ပြောဆို ကုန်ဆုံးစေတတ်တာမျိုးကို တွေ့ရတတ်ပါတယ်။ အဲဒီလို တယ်လီဖုန်းကို နားနဲ့ကပ်ထားတဲ့ တဆက်တည်းမှာပဲ ကျန်လက်တစ်ဖက်က သူ့ရဲ့ ဖြောင့်စင်းနေတဲ့ ဆံပင်ချောင်းလေးတွေထဲက သန်းဥ ဆွဲသလိုလို။ သန်းကောင်တွေ ဆွဲထုတ် သလိုလိုမျိုးကို လှပ နွဲ့နှောင်းစွာ ပြုလုပ်တတ်သူမျိုးပါ။ စတုတ္ထ တစ်ယောက်ကတော့ ခုနက တတိယတစ်ယောက်နဲ့ အရပ် အမောင်း မတိမ်း မယိမ်းဆိုပေမယ့် ပထမ တစ်ယောက်လောက်လည်း မ၀လွန်းပြန်ဘူး။ သူကတော့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ၀င်ရောက်လုပ် ကိုင်ပေးတတ်တာမျိုးကို သိပ်မတွေ့ရသလို။ ၀င်လုပ်ကိုင်ပေးတဲ့အခါ မှာလည်း စကားပြောရင် ဂျစ်ကန်ကန်နဲ့။ ဒုက္ခသည်များရဲ့ အရေးကို သူ့ ငွေကြေးနဲ့ တာဝန်ယူ ဖြေရှင်းပေးနေသယောင် ပြောဆိုတတ်ပါတယ်။ သူ့ရဲ့ အထူးခြားဆုံး အချက်က ဘာကိုမှ မယ်မယ်ရရ ၀င်လုပ်ပေးနေတာ မတွေ့ရသလို။ အစားကို အဓိကထား စားသောက်တတ်တာမျိုး တွေ့ရပါတယ်။ ပဉ္စမ တစ်ယောက်ကတော့ အားလုံးထဲမှာ သိပ်မထင်မရှားနဲ့ ဘာမှ မလုပ်ဘူးလို့ ပြောလို့မရသလို။ လုပ်ပါတယ်လို့ ပြောရအောင်ကြ ပြန်တော့လည်း ထူးထူးခြားခြား သတိထားမိဖို့ ခက်ခဲတတ်ပါတယ်။ သူ့ပုံစံကတော့ အသားက ညိုပြာညက်။ ယောက်ျား တစ်ယောက်လို ပြင်ဆင်နေထိုင်တတ်ပြီး စံရွှေမြင့် ဆံပင်ပုံစံနဲ့ပါ။ သူဟာ စကားနည်းပေမယ့် အလုပ်ထဲမှာတော့ အာရုံစိုက်တတ်သူပါ။ သူလုပ်ရမယ့် အလုပ်ကို သေသေချာချာ တိတိကျကျ လုပ်နေတတ်သူလည်း ဖြစ်ပါတယ်။ ဆဌမ တစ်ယောက်ကတော့ ပဉ္စမ တစ်ယောက်ထက် အသားပိုညိုတယ်လို့ ပြောနိုင်သလို။ မိန်းကလေး တစ်ယောက် အနေနဲ့ မည်းတယ်လို့လည်း မှတ်ချက်ချလို့ရပါတယ်။ သူကတော့ အလုပ်တော့ လုပ်ပါရဲ့။ ဘာစကားမှလည်း မပြော။ အပြုံးအရယ်မရှိ။ မျက်လုံး အရောင်တောက်တောက်။ ပြူးပြူးလေးပါ။ အားလုံးထဲမှာတော့ မထင်ပေါ်ဘူးလို့ ပြောနိုင်သလို။ ထူးခြားတဲ့ အသားအရည်ကြောင့် ထင်းနေတယ်လို့လည်း ဆိုနိုင်ပါတယ်။

သေချာတာကတော့ သူတို့ ခြောက်ယောက်လုံးဟာ ပုံမှန်နီးပါး အသုံးချနေရတဲ့ မြန်မာဘာသာ စကားကို ပြောဆိုနေရတာတောင်မှ အခုထိ မြန်မာတွေ နားလည်ရ ခက်ခဲတဲ့ လေယူလေသိမ်းတွေနဲ့ တခါတခါ ဘာကို ပြောနေမှန်း မသိနိုင်လောက်အောင်ကို ဌာန်ကရိုဏ်း ကျကျ ပြောဆို နေတတ်ပါတယ်။ တကယ်ကို ပဟေဠိ ဆန်သော မယ်ပ အိန်ဂျယ်လ်များ ပါပဲ။ ဘလက်မားကက် အကျိုးဆောင် လုပ်ငန်းကတော့ ကျနော်တို့ ဒုက္ခသည် အားလုံးအတွက် အားထားရာ မရှိမဖြစ်ပါပဲ။ အဲဒီနေရာကို ရောက်ရှိတဲ့သူတိုင်း သူ့ကို မတွေ့တွေ့အောင် ရှာကြသလို။ တစ်ယောက်နဲ့တစ်ယောက် သူ့ကို တွေ့မိသလားဆိုတဲ့ စုံစမ်းခြင်းမျိုးလည်း အပြန်အလှန် သတင်းဖလှယ်ယူကြပါတယ်။ သူ့ရဲ့ အဲဒီစည်းရိုးဝင်း အတွင်း အဓိက အကျိုးဆောင် လုပ်ငန်းကတော့ တယ်လီဖုန်းကဒ် ရောင်းချခြင်းနဲ့ ဆေးလိပ် ရောင်းချခြင်းပါပဲ။ ဘယ်မှ ထွက်ခွင့်မရှိသူတွေအနေနဲ့ ပြင်ပက မိတ်ဆွေတွေကို ဆက်သွယ်ချင်ရင် ဖုန်းဆက်ရတော့မှာပါ။ ဖုန်းထဲမှာ ငွေမရှိရင် ခေါ်လို့မရပါဘူး။ ဒါ့အပြင် နိုင်ငံရပ်ခြားကို ဖုန်းခေါ်ပြီး အခြေအနေ အခက်အခဲတွေနဲ့ ဟွန်ဒီ ဈေးကွက်အကြောင်း ပြောဆိုသူတွေအတွက် သူ့ဆီက ဖုန်းကဒ်ဟာ ပထမလိုအပ်ချက်ထဲမှာ ပါနေပါတယ်။

ဆေးလိပ်သမားတွေအဖို့ကတော့ အဲဒီထဲက ဆိုင်ရှိလျက် အချိန်မှန်မဖွင့်တဲ့ အခါမှာ သူ့ကို အသည်းအသန်လိုက်ရှာရတော့တာပါပဲ။ အင်း။ သူ့ပုံစံကတော့ အသက် (၅၀) ၀န်းကျင်။ အသား ညိုညို။ ကိုယ်လုံးပြည့်ပြည့်နဲ့ အဒေါ်ကြီးပါပဲ။ အပိုစကားတွေ သိပ်မပြောတတ်သလို။ တခါတခါ အဆောင်နှစ်ခုကြား ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း သူနဲ့ပဲ လုပ်ဆောင်ရတတ်ပါတယ်။ ဘယ်လိုပဲ ပြောပြော ပဟေဠိ ဆန်သော မယ်ပ အိန်ဂျယ်လ်များ နဲ့ ဘလက်မားကက် အကျိုးဆောင် လုပ်ငန်းကတော့ အဲဒီ ခြံဝင်းလေးထဲမှာ ကျနော်တို့ ဒုက္ခသည်တွေကို အမှန်တကယ် အကျိုးပြုနေတာကတော့ သေချာပါတယ်။ အဲဒီဝင်းထဲကို ရောက်ရှိချိန်က ညနေစောင်း လေးနာရီ ၀န်းကျင်ပေါ့။ အဲဒီအဆောင်ကို ရောက်တော့ ကြိုသူမဲ့။ အင်ဖော်မေးရှင်းဆိုတဲ့ သတင်း အချက်အလက် ပေးသူမရှိပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်သာရှာ။ ရေချိုးခြင်းအလုပ်ကို လုပ်ရပါတယ်။

ခဏကြာတော့ ဘယ်က ဘယ်လို ပေါက်ချလာတယ်မသိ။ စံရွှေမြင့် ဆိုတဲ့ နတ်မိမယ်က ဆေးသောက်ရမယ်ဆိုတာနဲ့ပဲ ဆေးသောက်ဖို့အပြေးအလွှား သွားတော့ သံချဆေး သုံးလုံးကျ သောက်ကြရတယ်။ နောက်မှ ကိုယ်ယူဆောင်သွားမယ့် ခရီးဆောင် (၂၀ ကီလို အိတ်) တွေကို စစ်ဆေး ချိန်ကြည့်ဖို့အတွက် ပထမတစ်ယောက်ဖြစ်တဲ့ ဒုက္ခသည်များ ရင်လေးရတဲ့ နတ်မိမယ်။ ဒုတိယဖြစ်တဲ့ မျောက်မျက်နှာနဲ့ ဇော်ဝင်းထွဋ်ရယ်။ တတိယ တစ်ယောက်ဖြစ်တဲ့ မြင်သူတကာ ငေးလောက်တဲ့ သန်းဆွဲမလေး နဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ မည်းတယ်လို့ ဆိုနိုင်တဲ့ နတ်မိမယ်လေးတို့ ရောက်ရှိလာကြပြီး သယ်ယူသွားမယ့် ပစ္စည်းများအတွက် စည်းကမ်း ချက်များနဲ့ အစီအစဉ်များကို ကျနော် အစောက ရှင်းပြထားတဲ့အတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ သရုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ စကားအရ အစီအစဉ်ထဲမှာ အမေရိကားသွားမယ့် လူတွေအတွက် ထမင်းစားဖို့ ဒီထဲမှာ စာရင်းမရှိဘူး လို့ ပြောသွားတာလည်း ပါပါတယ်။ သယ်မယ့် အိတ်တွေနဲ့ ပတ်သက်ပြီး စည်းကမ်းချက်ကတော့ ပုံသေတော့ မရှိပါဘူး။

ကီလို (၂၀) အိတ်ကို (၂၂) ကီလို အထိတော့ ခွင့်ပြုချင် ခွင့်ပြုသလို။ အတိအကျလုပ်တာမျိုးလည်း ရှိပါတယ်။ ကံမကောင်းရင် အထဲက ပစ္စည်းတွေကိုပါ လှန်လှောရှာဖွေတာမျိုး ခံရတတ်ပါတယ်။ နောက်ပြီး ကျေးဇူး ကြီးမားတဲ့ IOM ခမျာ လမ်းခရီးမှာ မချမ်းရအောင်ရည်ရွယ်ပြီး အနွေးထည်။ ရှူးဖိနပ်တွေ ထုတ်ပေးတယ်။ အဲဒီအလုပ်တွေ အားလုံးကို မယ်ပရဲ့ ပဟေဠိမလေးများကပဲ လုပ်ဆောင်ပေးသွားတာပါ။ ညခုနှစ်နာရီလောက်မှာတော့ ညစာကျွေးပါတော့တယ်။ ညစာကိုတော့ ပြင်ပက အော်ဒါ မှာယူထားတဲ့အတွက် ထိုင်းအမျိုးသမီးကြီးတွေ ဦးစီးဦးဆောင်ပြီး လာကျွေးတာပါ။ အဲဒီမှာ ကျနော်တို့ အမေရိကားသွားမယ့် သူတွေအနေနဲ့ ဗိုက်ကလည်း ဆာ။ သွားယူစားရင်လည်း အော်ငေါက်ပြန်လွှတ်ခံရမှာ ကြောက်ပြီး ထ မသွားရဲနဲ့ အဝေးကနေ မရဲတရဲ စောင့်ကြည့် နေကြတာပေါ့။ ကျနော်နဲ့ မဒမ်သံဝေဂ ကတော့ နတ်မိမယ်လေးများရဲ့ အထာကို ညက်နေသူများပီပီ။ ငတ်မရှက်တော့ပဲ ထမင်းပန်းကန်ဆွဲပြီး သွားယူတော့တာပါပဲ။ ကျနော်တို့ရောက်သွားချိန်မှာတော့ ထမင်းဝေပေးနေတဲ့ ထိုင်းအမျိုးသမီးတွေက ထမင်း လာယူစားကြဖို့ ဆော်သြတော့မှ ကျန်သူတွေလည်း ၀မ်းသာအားရ အပြေးအလွှားရောက်လာကြရတော့တယ်။ ထမင်းစားပြီးတာနဲ့ အားလုံး အဲဒီ အချုပ်ခန်း (မြန်မာပြည်မှာဆို ထောင်ထဲမှာ အိပ်ကျရတဲ့အတိုင်း တန်းစီပြီး အိပ်ရတော့တာပါပဲ။) ခရီးပန်းလို့လားတော့ မသိဘူး။ အလုံပိတ် အဲဒီအဆောင်ကြီးထဲမှာ ပန်ကာမရှိ အိပ်မောကျ သွားတာပါပဲ။ ကံကောင်းတာက ဖျာ။ အခင်း။ ဆောင်နဲ့ ခေါင်းအုံး တွေ အလျှံအပယ်ပါပဲ။ နေ့စဉ် လျှော်ဖွပ်ခြင်းမှ ကင်းဝေးတဲ့ အဲဒီအသုံးအဆောင်တွေနဲ့ အတူ ပင်ပန်းခြင်းတွေ ရောစပ် အိပ်ကြရတာပေါ့။


ဇန်န၀ါရီလ (၂၈)ရက်။ ၂၀၀၉ ခုနှစ်

နောက်တနေ့ မနက်မှာတော့ ခပ်စောစောထပေမယ့် ထင်တာထက် နောက်ကျမှ ရောက်လာတဲ့ မနက်စာ ထမင်းကြော်ကို စားသောက်ရပါတယ်။။ ပြီးတော့ အမေရိကန်နိုင်ငံမှာ အင်မတန်အရေးကြီးတဲ့ I-94 ကဒ်။ အကောက်ခွန်က ခွင့်ပြုခြင်းမရှိတဲ့ ပစ္စည်းတွေကို မသယ်ပါဘူးဆိုတဲ့ အကြောင်း လက်မှတ်ထိုးတဲ့ စာရွက်နဲ့အတူ တချို့ ဆေးစစ်ကဒ်တွေကို IOM အိတ်ကြီးနဲ့ ထုတ်ပေးပါတယ်။ ဖွင့်ကြည့်ခွင့် မရှိပါဘူး။ ဒါ့အပြင် လမ်းခရီးမှာ ၀ယ်စားဖို့အတွက် ကူပွန်လက်မှတ် တစ်ယောက် တစ်စောင်စီကို ပထမနတ်မိမယ်လေးက ထုတ်ပေးပါတယ်။ ပြီးတာနဲ့ ကိုယ့်အထုပ် ကိုယ်သယ်ပြီး ဘန်ကောက်ကို ထွက်ခွာမယ့် မှန်လုံအအေးခန်း ကားကြီးပေါ်တက်ပြီး မနက် ရှစ်နာရီခွဲလောက်မှာ ထွက်ခွာရပါပြီ။ ကားမထွက်ခွာမီ ပထမနတ်မိမယ်လေးက ကားပေါ်ကို အပြေးအလွှား တက်လာပြီး အားလုံးကို မှာလိုက်ပုံက “အားလုံး ဘန်ကောက်ကို ကောင်းကောင်းမွန်မွန် သွားကြနော်” တဲ့။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာဆိုဘာမှ သိခွင့်မရှိပါဘူး။ ဥပမာ ဘန်ကောက်ရောက်ပြီးရင် ဘယ်အချိန်မှာ လေယာဉ်ပေါ်တက်ရမယ်။ လေကြောင်းခရီးစဉ်က ဘယ်လို။ အစရှိသဖြင့်ပေါ့။ လမ်းခရီး တ၀က်က ဆိုင်တစ်ဆိုင်မှာ နာရီဝက် နားရပါတယ်။

အဲဒီဆိုင်မှာပဲ ပါလာတဲ့ ကူပွန် လက်မှတ်နဲ့ အားကိုးတကြီး ၀ယ်စားတော့ ဆိုင်ရှင်ရဲ့ ရင်းနှီးဖော်ရွှေမှုကို ၀မ်းနည်းစွာ တွေ့ကြုံရတာက ထည့်ပေးတာကိုပဲ ယူခွင့်ရှိပါတယ်။ ကိုသံဝေဂဆိုရင် ထမင်းဖြူအပေါ်မှာ မကျက်တကျက်ကြော် ထားတဲ့ ကြက်ဥလေးတစ်လုံးနဲ့ ပန်းကန်ကို ဘာမှမပြောနိုင်ပဲ ယူလာထိုင်ပြီး ခြောက်ကပ်ကပ်မျိုချရတာ အဆင်မပြေလို့ ပါလာတဲ့ ငွေနဲ့ စားချင်တာ ၀ယ်ပြန်တော့လည်း တင်းမာလွန်းတဲ့ ဆိုင်က အရောင်းစာရေးတွေရဲ့ မျက်နှာထားက ပြောင်းလဲမသွားပါဘူး။ ( Customer is always right ဆိုတဲ့ စကားက ဒီနေရာမှာ လုံးဝ မှားပါတယ်။)

အရာရာမှာ ငွေသာလျှင် အဓိက ဆိုတာလည်း အလုပ်မဖြစ်ပါဘူး။ အော်။ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်။ ရောက်ရန် အမေရိကားပေါ့ဗျား။ ဒီလိုနဲ့ပဲ ဘန်ကောက် ခရီးစဉ်ကို ပြန်လည် အသက်သွင်းတယ်။ ဘန်ကောက်မြို့အ၀င်မှာ သတိတရ နာရီကိုကြည့်မိတော့ ညနေ ငါးနာရီလောက်ပေါ့။ ကံကောင်းခြင်းလား။ ကံဆိုးခြင်းလားတော့ မပြောတတ်ဘူး။ ကိုသံဝေဂတို့ကို ဟိုတယ်မှာ တစိည အိပ်ရမယ်လို့ ထိုင်းစကား မတောက်တခေါက်လေးနဲ့ နားလည်လိုက်တော့ တယ်ဟုတ်ပါလားပေါ့။ သို့သော်လည်း အဲဒီ Miracle Hometel (Suvarnabhumi) ဟော်တယ်ရှိရာကို ကားသမားက မသိရှာပါဘူး။ ဒီလိုနဲ့ ကားကို ရပ်လိုက်။ တွေ့တဲ့သူကို မေးလိုက်။ တော်နေကြာရင်း ရပ်ပြန်ပြီး မေးရပြန်တာနဲ့ တကယ်တမ်းဟိုတယ် ရောက်ချိန်က ည ရှစ်နာရီခွဲကျော် ကိုးနာရီ ဖြစ်နေပါပြီ။ အစီအစဉ်ကို အသေးစိတ်တိတိကျကျ ပြင်ဆင်ထားတဲ့ IOMကို အထူးကျေးဇူးတင်ပါသည် ခင်ဗျား။ ဒီလိုနဲ့ ရောက်ရောက်ချင်း ဟော်တယ်က ခပ်သုတ်သုတ် အသင့်ပြင်ဆင်ထားတဲ့ ထမင်းစားခန်းမှာ အဆင့်မြင့် စားပွဲဝိုင်းနဲ့ ပြင်ဆင်ပေးထားတဲ့ ထမင်းကြော်နဲ့ တည်ခင်းဧည့်ခံပြီး နောက်ထပ် ဆေးမှတ်တမ်းစာရွက်တွေကို ပိတ်ထားတဲ့ အိတ်ကြီးတွေနဲ့ ထုတ်ပေးပါတယ်။ လုံးဝ ဖွင့်ကြည့်ခွင့် မရှိပါဘူးတဲ့။ ပြီးတာနဲ့ ကိုယ့်အခန်း ကိုယ်ပြန် ရေမိုးချိုးပြီး ပင်ပန်းလာသမျှ 3 stars အဆင့်လောက်ရှိတဲ့ အခန်းတွေမှာ စည်းစိမ်အပြည့်နဲ့ အိပ်ခွင့်ရပါတယ်။ ကျနော့်မှာတော့ အေးအေးဆေးဆေး မအိပ်နိုင်ပါဘူး။ သိတဲ့လူတွေ တစ်ယောက်ပြီး တစ်ယောက် တံခါးလာခေါက်ပြီး မေးခွန်းတွေကို ဒိုင်ခံဖြေပေးနေရပါတယ်။ သူတို့ မေးတာတွေက အခန်းထဲက တယ်လီဖုန်းကို ဘယ်လိုသုံးရမယ်။ ရေပူ ရေအေး သုံးတဲ့ ရေချိုးခန်းထဲမှာ ရေပန်း အလုပ်မလုပ်ဘူး။ ဆေးလိပ်သမား တချို့က ဆေးလိပ်သောက်ချင်လို့ မီးခြစ်လာငှားတာတို့။ အခန်းထဲမှာ သောက်လို့ မရတာ သူတို့ သေချာ မသိပြန်ဘူး။ ထားလိုက်ပါ။ သေချာတာက နောက်တနေ့ မနက် ငါးနာရီ မှာ လာနှိုးမှာမို့ စောစောအိပ်ဖို့ ပြင်ရပါတယ်။ အဲဒီအထိလည်း မနက် လေယာဉ်ချိန်ကို သိခွင့်မရပါဘူး။

ဇန်န၀ါရီလ (၂၉)ရက်။ ၂၀၀၉ ခုနှစ်

နောက်တနေ့ မနက် လေးနာရီမှာ အခန်းတံခါး လာခေါက်ပြီး ၀ရုန်းသုန်းကား သွားရမယ်လို့ နှိုးတော့မှ ပြဿနာတွေ့ရပါတယ်။ ပြောတုန်းကတော့ ငါးနာရီ။ လာခေါ်တော့ လေးနာရီဆိုတော့ ကြိုတင်ပြင်ဆင်မှုရှိတဲ့ ကိုသံဝေဂတောင် ရေချိုးတဲ့ ကိစ္စကို အမြန် အဆုံးသတ်ရပါတယ်။ ကားပေါ် ရောက်တယ်ဆိုရင်ပဲ ကလေးရှိတဲ့ မိသားစု တစ်ခုဆီက ကြားရတာက ညက အခန်းက ပူတော့ ကလေးက မအိပ်ပဲ ဒုက္ခပေးသတဲ့။ ဒါနဲ့ ကိုသံဝေဂ ဇနီးသည်က လေအေးစက် မဖွင့်ဘူးလားဆိုတော့ စောင်မရှိလို့ မဖွင့်ဘူး ဆိုတော့မှ။ ဟိုက်ရှားဘား - အိပ်ယာပေါ်မှာ အသင့်ခင်းထားတဲ့ စောင်ကို ဆွဲမယူခြုံရတာလေ ဆိုတော့ သိမှ မသိဘဲတဲ့။ ဒါဆိုရင်တော့ သည့်ထက်ဆိုးတဲ့ လူတွေရှိနေနိုင်တာပဲ ဆိုတာကို ခန့်မှန်းလို့ ရလိုက်ပြီ။ ဟော။ လေဆိပ်ကို ရောက်ပါပြီ။ သို့ပေမယ့် လေယာဉ်လက်မှတ် ကိုင်ဆောင်ထားတဲ့ ကျေးဇူးရှင် IOM ၀န်ထမ်းတွေက ရောက်မလာသေးပါဘူး။ ရောက်လာပြန် တော့လည်း အလောသုံးဆယ်နဲ့ လူဝင်မှုကြီးကြပ်ရေးကို ခေါ်ဆောင်သွားပါတယ်။ အဲဒီမှာ တန်းစီပြီး အစစ်ဆေးခံ ရခါနီးမှ စာရွက်စာတမ်းမှာ ထွက်ခွာခွင့်အတွက် အဆင့်ဆင့် လုပ်ဆောင်ရမှာတွေ သူတို့ အဆင်သင့်မဖြစ်သေးတာ တွေ့ရပါတယ်။ ဒါနဲ့ပဲ အဲဒါ လုပ်ဖို့ သူတို့တွေ အပြေးအလွှား လုပ်ဆောင်တော့ စိတ်မရှည်နိုင်တဲ့ ကရင်မိသားစုထဲက ကလေးငယ်က IOM ကို ဆန္ဒပြပါ တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းပေါ့။ သူ့မိဘကလည်း အပြည့်အ၀ ထောက်ခံသဗျ။ ဘာလုပ်သလဲ သိလား။ ဟဲ ဟဲ။ လူဝင်မှု ကြီးကြပ်ရေးရှေ့မှာ တန်းစီနေရင်းက မစင်စွန့်ချင်ပါသတဲ့။ ဖခင်ဖြစ်သူကလည်း လူ့အခွင့်အရေးကို အပြည့်အ၀ ထောက်ခံသူ ပီပီ ကလေးရဲ့ ဘောင်းဘီကိုချွတ် ကြမ်းပေါ်မှာခင်း ထိုင်စေပြီး ခရီးစဉ်တလျှောက် မကျေမနပ်ဆက်ဆံခံရတဲ့။ မ၀ရေစာ ကျွေးထားတဲ့ အရာအားလုံး နီးပါးကို အ၀ါရောင် ကင်ပိန်းထုပါတော့တယ်။ IOM ၀န်ထမ်းရောက်လာတော့ မျက်လုံးမျက်ဆန်ပြူးလို့။ ဖခင်ဖြစ်သူကို ဘာလို့ Diapers ၀တ်မပေးထားသလဲ ဆိုတော့ ဖခင်ဖြစ်သူကလည်း တုံဏှိဘာဝေ ဘာမှ ပြန်မပြောဘဲ အသံတိတ် သပိတ် မှောက်လိုက်တယ်။ ဒါနဲ့ ကိုသံဝေဂလည်း ကိုမွန်းအောင် သီဆိုထားတဲ့ သီချင်းလေးကို အမှတ်တရ ရေရွတ်မိလိုက်ပုံကတော့ “လူတိုင်း လူတိုင်း လူ့အခွင့်အရေးရှိရမယ်။ လူတိုင်း လူတိုင်း လူ့အခွင့်အရေး ရသင့်ပါတယ်” ပေါ့ဗျာ။ ဟားဟား။ အမှန်ကတော့ စည်းကမ်းရှိသော ဒီမိုကရေစီ ဆိုတာအတွက် ကျနော်တို့အားလုံး အသိပညာ၊ အတတ်ပညာဆိုင်ရာ ဗဟုသုတတွေ သင်ကြား တတ်မြောက်ထားနိုင်ဖို့ အလုပ်တွေ အများကြီး လုပ်ဖို့လိုအပ်နေပြီဆိုတာကို ပြသလိုက်ခြင်းပါပဲ။ ကဲ။ အားလုံးစစ်ဆေးပြီးပြီ။ စစ်ဆေးတာမှ ၀တ်ထားတဲ့ အနွေးထည်တွေ ချွတ်။ ဖိနပ်တွေ ချွတ်ပြီး လုံခြုံရေးစက်အထဲက ဖြတ်ရတယ်လေ။ လေယာဉ်ကြီးပေါ် ရောက်ပြီ။ ဂျပန်အဲယားလိုင်းပါတဲ့ဗျာ။ ကောင်းလိုက်တဲ့ လေယာဉ်။ လေယာဉ်မယ်တွေရဲ့ အပြုံးလေးတွေက ဒုက္ခသည်ရော။ သာမန်လုပ်ငန်းရှင်ရော မခွဲခြားပါဘူး။

အားလုံးကို အတူတူဆက်ဆံပါတယ်။ အော်။ အာရှရဲ့ထိပ်တန်းနိုင်ငံတစ်ခု က လေကြောင်း လိုင်းပါပေပဲ။ မနက် ရှစ်နာရီ ဆယ့်ငါးမိနစ်မှာ သူ့ရဲ့ပျံသန်းမှုကို စ တင်ပါတယ်။သူတို့က မခွဲခြားပေမယ့် ကျနော်တို့ ဒုက္ခသည် တွေထဲမှာ ကွာခြားချက်က အလွန်ကြီးမားနေပြန်ရော။ အဲဒါကို အပြစ်တင်ရရင်တော့ IOM ကပို့ချတဲ့ ကာလ်ချာ အိုရီရင် တေးရှင်း ဆိုတဲ့ CO သင်တန်းကြီးရဲ့ အားနည်းချက်တွေပေါ့။ လေယာဉ်က ကျွေးတဲ့ အစားအသောက်တွေကို စည်းကမ်းမရှိ စားကြ။ သောက်ကြတယ်။ အမှိုက်တွေကို ကြမ်းပေါ် အလွယ်တကူ ပစ်ကြတယ်။ စောစောက အ၀ါရောင် ကင်ပိန်းကလည်း Diapers ကို အိမ်သာမှာ မပစ်ဘဲ လေယာဉ် ကြမ်းပြင်ပေါ် ပစ်ပြီးထားတယ်။ သူတို့ ဘာကို အလိုမကျဖြစ်ရတာလဲ။ ဒါမှမဟုတ် တကယ်ပဲ မသိတာလား။ ကျနော်ထင်တာကတော့ IOM က ဒုက္ခသည်တွေကို သီးသန့် အစားအစာ လေယာဉ်ပေါ်မှာ သာမန် ခရီးသည်တွေနဲ့မတူဘဲ စီစဉ်ထားတာကို သူတို့အနေနဲ့ သိပ်ကျေနပ်ပုံမရဘူး။ ခွဲခြားဆက်ဆံခံရတယ်လို့ သူတို့ ခံစားရပုံ ရလို့ ဒီလိုလုပ်တယ်လို့ထင်တယ်။ ဒါနဲ့ပဲ လေယာဉ်ကြီးက ဂျပန် နိုင်ငံ တိုကျိုမြို့လေဆိပ်ကို ညနေ လေးနာရီခွဲ လောက်မှာ ဆိုက်ရောက်တယ်။ လေယာဉ်ပေါ်ကနေ လေဆိပ်အဆောက်အဦးဆီကို မှန်လုံကားနဲ့ သွားရပါတယ်။ အားပါးပါး။ ဂျပန်ရဲ့ အအေးက အသည်းထဲ စိမ့်လို့။ အဲဒီမှာIOM က ပုဂ္ဂိုလ်က လာကြိုပါတယ်။ ပြီးတာနဲ့ သူတို့ရဲ့ လေဆိပ်ထဲဝင်ပြီး လူတစ်ဦးချင်းစီရဲ့ နာမည်တွေကို စစ်ဆေးဖို့ အင်္ဂလိပ် စကားပြောတတ်တဲ့သူရှိလားဆိုတော့ တချို့က မြန်မာပြည်မှာ ငါးတန်းကမှ စတင်သင်ကြားခွင့်ရခဲ့ တဲ့ ကိုသံဝေဂကို ရှေ့အတင်းတွန်းရင်း ခေါင်းဆောင် တင်ကြတယ်။ ကိုသံဝေဂလည်း တို့မြန်မာလူမျိုးတွေ ဂုဏ်မငယ်ရအောင်ဆိုတဲ့ မျိုးချစ်စိတ်အပြည့်နဲ့ တတ်သလောက်။ မှတ်သလောက် A to Z စကားလုံးတွေကို အနောက်တိုင်း လေသံနှောပြီးပြောလိုက် တော့ သူက အံ့သြတဲ့ အကြည့်နဲ Very good, Very good လို့ မပီ မသ နဲ့ ပြုံးပြီး ပြောဆိုပါတယ်။ ပြီးတော့ ကျနော်တို့ရဲ့ နာမည်တွေကို အတိုကောက်မှတ်ထားတဲ့ စာရွက် စတစ်ကာလေးတွေနဲ့ ရင်ဘတ်မှာ လာကပ်ပေးတယ်။ အဲဒီ တိုကျိုလေဆိပ် မှာ တစ်နာရီကျော်ကြာ ထိုင်စောင့်ရပါတယ်။ ထိုင်စောင့်နေရတဲ့ ကာလအချိန်က ညနေစာအတွက် အားလုံးဗိုက်ဆာနေတဲ့ အချိန်ပေါ့။ အပို နိုင်ငံခြားငွေ ဆောင်လာသူတွေက ၀ယ်စားချင်တော့ ကိုသံဝေဂလည်း မြန်မာနိုင်ငံက ပြည်သူ့ရဲတပ်ဖွဲ့ရုံးတွေ ရှေ့မှာ ချိတ်ဆွဲထားတဲ့ ကူညီပါရစေ ဆိုတဲ့ ဆိုင်းဘုတ်ကို ရင်ဘတ်မှာ ချိတ်ဆွဲခံရသူ ပီပီ မေးစမ်းကြည့်တော့ ဂျပန်ငွေ ပါသလားတဲ့။ ပါခဲ့ရင်တော့ ဆယ့်ငါး မိနစ်လောက် ဝေးတဲ့နေရာမှာ သွားဝယ်ရမယ်လို့ဆိုသဗျ။ အဲဒါမလွယ်ပြန်တော့ ဆေးလိပ်သမားတွေက ဆေးလိပ်သောက်ချင်လာတာနဲ့ မနေ နိုင်။ မထိုင်နိုင် လောကွတ်ချော်တဲ့ ကိုသံဝေဂဟာ အခွန်လွတ်ဆိုင်မှာ ဆေးလိပ် ၀ယ်လို့ ရမလား မေးပြန်တော့။ အင်း အဲဒါလည်း အတော်သွား ယူရမယ်ဆိုတာနဲ့ လက်လျော့ပြီး မဒမ် သံဝေဂကို နို့ဖိုး ယူနိုက်တက်က တင်သွင်းလာတဲ့ Wonder အနီရောင် နှစ်တောင့် အကြောင်း စကားစပ်မိပြီး ဘယ်မှာသိမ်းထားသလဲ မေးတော့မှ တတိယနိုင်ငံ အခြေချရေး အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရက်အကန့်အသတ်မရှိ (လာရောက် အကြောင်းကြားပေးခြင်းလဲ မရှိဘဲ) ရွှေ့ဆိုင်းခြင်းခံရလို့ သူ့အနေ နဲ့ ရက်လွန်ဆေးလိပ်တွေ သောက်မိပြီး ကျန်းမာရေးထိခိုက်မှာစိုးလို့ နို့ဖိုးယူနိုက်တက်မှာတင် အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ ဆိုတော့မှ ကိုသံဝေဂလည်း ကိုယ့် နဖူးကိုယ် ရိုက်ရပါတော့တယ်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသော်လည်း အတွေးအခေါ်ကို အလွန်အမင်း ကောင်းစေပါသည်ဆိုတာကို သူမ မသိရှာလေခြင်းပဲ။ သြော် ဒေါသ ထွက်ပေမယ့်လည်း လွန်သွားတဲ့ မှတ်တိုင်ကို လမ်းပြန်လျှောက်လို့လည်းမရ။ ဒီလိုနဲ့ အတူပါလာတဲ့ သူက ကျနော့်မှာ သူများမှာလို့ ၀ယ်ထားတာ ပါလာတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ကျနော်လည်း သောက်ချင်တယ် ဆိုတာနဲ့ နီးစပ်ရာ ဆေးလိပ် သောက်သုံးသူများအတွက် သီးသန့် ပြုလုပ်ပေးထားတဲ့ အခန်းကို ဦးဆောင်ခေါ်သွားပြီး မီးခိုးထောင်းထောင်း ထနေတဲ့ ဆေးလိပ်ငွေ့တွေနဲ့အတူ တတ်သမျှ၊ မှတ်သမျှ နိုင်ငံရပ်ခြားက ဆေးလိပ်နဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေကို ပြောပြ။ ရှင်းပြရင်း အချိန်ကုန်စေခဲ့ပါတယ်။ ပြန်ထွက်လာပြီး နားနေရာ ရောက်တဲ့အချိန်မှာတော့ အားပါးပါး။ ကလေးရှိတဲ့ မိသားစုတွေက ကလေးငယ်တွေ နာရီတာ လေဆိပ်ကို ကစားကွင်းလုပ်ပြီး ပျော်ပွဲစား လုပ်ထားကြပုံက ပထမလေယာဉ်ပေါ်က မကုန်လို့ သိမ်းဆည်းထားတဲ့ အစားအစာ တွေ ထုတ်ယူစားသောက်ရင်း ကြမ်းပြင်ပေါ် စွန့်ပစ်ထားကြတယ်။

ဒါကို စောင့်ကြည့် နေရှာတဲ့ ဂျပန်ကြီးရဲ့ မျက်နှာမှာ မချိတင် ကဲ ဟန်ဆောင်ပြုံးနေပုံက သိသာထင်ရှားလွန်းနေပြန်တော့ ကျနော်လည်း လူတတ်ကြီး လုပ်ပြီး မိဘတွေကို မေတ္တာရပ်ခံ ရတော့တယ်။ နောက်မှ သိရတာက သူက IOM အဓိက လူ မဟုတ်ပါဘူး။ တကယ်တမ်း ကျနော်တို့ကို ဂျပန်နိုင်ငံကိုယ်စား လာတဲ့ သူက Yumiko လို့ခေါ်တဲ့ ချစ်စရာ ဂျပန်မလေး တစ်ယောက် ရောက်လာပြီး ဂျပန်လေသံနှောတဲ့ အင်္ဂလိပ်စကားနဲ့ လိုအပ်တဲ့ ညွှန်ကြားမှုတွေ ပြုလုပ်တာကို ခံရပြီး။ လူဝင်မှုကြီးကြပ်ရေးမှာ အစစ်ဆေးခံဖို့ ဦးဆောင်သွားပြန်ပါတယ်။ အဲဒီမှာ လည်းဝတ်ထားတဲ့ အနွေးထည်တွေချွတ်။ ဖိနပ်တွေချွတ်ပြီး လုံခြုံရေးစက် တွေထဲ ဖြတ်ပြီး အစစ်ဆေးခံရပြန်ပါရော။ ပြီးတော့မှ အမေရိကန် အဲလိုင်း လို့ ခေါ်တဲ့ လေယာဉ်ကြီးပေါ်ကို ညနေစောင်း ခြောက်နာရီ ဆယ်မိနစ်မှာ တက်ရောက်ရပြန်ပါတယ်။ အဲဒီတော့မှ သိရတာက ကျနော်တို့ကို နယူးယောက်က John F Kennedy လေဆိပ်ကို သယ်ဆောင်မယ်လို့ သိရတယ်။ လေယာဉ်ပေါ် ရောက်ရောက်ချင်းမှာပဲ လေယာဉ်မယ် Yumiko ရဲ့ ကျေးဇူးကြောင့် ကိုသံဝေဂကို ခေါ်ပြီး သူပြောချင်တာတွေကို မြန်မာမှုပြုပေးဖို့ မေတ္တာရပ်ခံပြီး အန်တတ်သူတွေအတွက် အိတ်တွေ စီစဉ်ပေးပါတယ်။ အဲဒီအိတ်တွေ ကို စုထည့်ဖို့လည်း ပလပ်စတစ်အိတ်တွေ ထုတ်ပေးပါသေးတယ်။ ဒါတွေကို ပြုလုပ်ပေး ရင်း အားလုံးကို နေရာတကျ ချထားပေးနေချိန်မှာပဲ အခြားလေယာဉ်မယ်တစ်ဦးက အလန့်တကြား Yumiko ကို လှမ်းပြောပြီး ကိုသံဝေဂ ကို ခေါ်ယူပါတယ်။ ကျနော်လည်း သူဘာကြောင့်များ ဒီလောက်အထိ တုန်လှုပ်ရပါသလဲပေါ့။ နောက်မှ သိရတာက အ၀ါရောင်ကင်ပိန်းကို ဦးဆောင်သူနဲ့ ထောက်ခံသူ ဖခင်တို့ဟာ လေယာဉ်ရဲ့ အိမ်သာထဲကို ရောက်နေတာ အတော်ကြာနေပြီ ဖြစ်တဲ့အကြောင်းနဲ့ အဲဒီတံခါးကို ဖွင့်ပြီး သူတို့ ဘာတွေလုပ်ပြီး ဘာဖြစ်နေတယ် ဆိုတဲ့ အကြောင်း အထူးစုံစမ်းထောက်လှမ်းဖို့ အကူအညီ တောင်းတော့ ကျနော်လည်း ခရီးပန်း နေတဲ့ကြားက ကျနော့်ကို ပညာသင်ပေးခဲ့တဲ့ မိဘ။ ဆရာတွေကို စိတ်ပဲဆိုးရ မလိုလိုဖြစ်သွားရပါတယ်။ ဟုတ်တယ်လေ။ ကျနော် သိထားတဲ့ ဘရင်ဂျီဘာသာစကားက ဒီနေရာမှာ အလွန်မတန် စိတ်ပျက် ချင်စရာကောင်းနေပြီ။ ဒါနဲ့ပဲ စေတနာ့ဝန်ထမ်းစိတ် အပြည့်ထားပြီး တံခါးကို အသာအယာဖွင့်။ ခင်ဗျားတို့ အကြာကြီး ဘာလုပ်နေတာလဲ။ ဒီမှာ သူတို့ စိတ်အရမ်းပူနေတယ် ဆိုတော့မှ သူ့ကလေးက အိမ်သာအိုးပေါ်မှာ မိန့်မိန့်ကြီးထိုင်ပြီး ကိစ္စ၀ိစ္စတွေ ပြီးပြတ်အောင် စီစဉ်နေလေရဲ့။

လေကြောင်းလိုင်းတွေမှာ ကလေးတွေရဲ့ ကိစ္စကို Diapers နဲ့သာ အသုံးပြုဖို့ စီစဉ်ပေး ထားတာကြောင့် ဖခင်ဖြစ်သူကို အဲဒီ Diapers ဟာ သီးခြား အမှိုက်ပုံးထဲ ပစ်ရမှာမို့ အိမ်သာအိုးထဲက ပြန်နှိုက်ယူဖို့ ဆိုပြန် တော့ ကလေးဟာDiapers အသုံးပြုထားတာ မဟုတ်ဘဲ အိမ်သာကို လူကြီးများနည်းတူ တက်ထားကြောင်း ကိုသံဝေဂ ကိုယ်တိုင် Inspection ၀င်ရောက်စစ်ဆေးပြီး အတည်ပြုချက် ရယူပြီးမှ ရေသေချာလောင်းဖို့ကို ညွှန်ကြားရတော့တယ်။ Yumiko ခမျာ ပြဿနာတွေ ပြေလည်သွားတော့မှ ကိုသံဝေဂကို ကျေးဇူးအထူးတင်ကြောင်း ခါးကို ၉၀ ဒီဂရီ အခါခါ ညွတ်ရင်း ပြောပြီး လေယာဉ်ပေါ်က အောင်မြင်စွာ ဆုတ်ခွာသွားပါတော့ တယ်။ ဟူး - နောက်ထပ် ဘာတွေ ထပ်ဖြစ်ဦးမှာလဲ။

ခရီးပန်း၊ လူပန်း၊ စိတ်လည်း နွမ်းလှပြီ။ တတိယနိုင်ငံအခြေချနေထိုင်ရေး မှာ ကျနော် သံဝေဂ မရချင်ဘူးဗျာ။ အခုလည်း နယူးယောက် အထိနာရီပေါင်းများစွာ လေယာဉ်ကြီးပေါ်မှာ အညောင်းခံရဦးမယ်။ စိတ်ထဲကလည်း IOMကို ဒေါသအတော်ထွက်မိတယ်။ သင်တန်း ဘယ်လိုများပေးပြီး ဘာ့အတွက် အောင်လက်မှတ်တွေ အလွယ်တကူ ထုတ်ပေးလိုက်သလဲ ဆိုတာကို နားမလည်နိုင်တော့ဘူး။ ငွေသာကုန် မောင်ပုံ စောင်းမတတ်ပြီ ဆိုတာတော့ သွေးထွက်အောင် မှန်နေပြီလေ။ တခုတော့ ဖြည့်ပြီး နားလည်ပေးလိုက်တာက ပထမတော့ အ၀ါရောင်ကင်ပိန်းဟာ ပရမ်းပတာ ဆန်လွန်းတယ်။ ဒုတိယတော့ အခံတော့သုံးပါရဲ့။ ကြမ်းပေါ် ပစ်ချတယ်။ နည်းနည်းတော့ တိုးတက်တဲ့ သဘောမှာရှိတယ်။ အခုတော့ အခံသုံးပြီး အလုပ်ရှုပ် မခံတော့ဘူး။ အိမ်သာထဲ တိုက်ရိုက် စွန့်တယ်လေ။ တဖြည်းဖြည်း လက်တွေ့ကွင်းဆင်းရင်း အတွေ့အကြုံက သူတို့ကို သင်ပေးသွားနေပြီပေါ့ဗျာ။ အဲဒီလိုနဲ့ ညနေစောင်း ခြောက်နာရီခွဲလောက်မှာ လေယာဉ်ကြီးဟာ နယူးယောက်ကို စတင်ပျံသန်းပါတော့တယ်။ ဒီတခါ ပျံသန်းချိန်ကတော့ ပက်ပက်စက်စက် ကြာတယ်ဗျာ။ စဉ်းစားကြည့်လေ။ နယူးယောက်လေဆိပ်ကိုရောက်တာ နောက်တနေ့ ညနေ ငါးနာရီငါးဆယ် မိနစ်တဲ့။ အဲဒီမှာ တခုထူးခြားတာက ကျနော်တို့ လေယာဉ်ပေါ်မှာ တစ်ရက်တာကြာသွားပေမယ့် အဲဒီရက်ကတော့ ကျနော်တို့ ဖြတ်သန်းခဲ့ရတာကို တရားဝင် အသိအမှတ်ပြု မခံရဘူး။ နယူးယောက်ကို ရောက်ရှိတဲ့ နေ့ဟာလည်း ဇန်န၀ါရီလ (၂၉)ရက် ၂၀၀၉ ခုနှစ် ဖြစ်နေပြန်တယ်။

အရှေ့ကမ္ဘာခြမ်းကနေ အနောက်ကမ္ဘာခြမ်း ကူးသွားတဲ့ အချိန်မှာ အရှေ့သားတွေရဲ့ နေကို အရင်မြင်ရပြီး ခေတ်နောက်ကျ ကျန်နေခဲ့ခြင်းကို အနောက်သားတွေက ခေတ်ရှေ့ရောက် နေသူတွေဖြစ်လို့ ကျနော်တို့ဖြတ်ခဲ့ရတဲ့ တစ်ရက်ကို သူတို့နဲ့ အတူတူ ဖြစ်အောင် ညှိယူ လိုက်သလို ခံစားရတယ်။ ထားလိုက် ပါတော့။ သူတို့ရဲ့ လေယာဉ် အဆင်း အတက် ညင်သာ ညက်ညောမှုကို ကျေးဇူးတင်တဲ့ အနေနဲ့ ခွင့်လွှတ်လိုက်ပါတယ်။ တကယ်ကို ဘာမှ မသိလိုက်ရတာဗျာ။ လေဆိပ် ရောက်တော့ IOMက လာစောင့်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးကို မဖြတ်ခင် အခန်းတစ်ခန်းထဲ ခေါ်ဆောင်သွားပြီး စာရွက်စာတမ်းနဲ့ ပတ်သက်တဲ့ အချက် အလက်တွေကို သုံးနာရီကြာ ပြုလုပ်ပေးပြီးမှ လူဝင်မှုကြီးကြပ်ရေးမှာ တရားဝင်မှုရှိအောင် ပြုလုပ်ပေးပါတယ်။ အဲဒါတွေကို လုပ်ပေးနေချိန်မှာပဲ နောက်မိသားစု တစ်ခုမှာ ပြဿနာပေါ်ပြန်ပါလေရော။ အဲဒါကတော့ ကြာတဲ့ အချိန်ကြောင့် ကလေးငယ်လေးတွေက အဆာမခံနိုင်တော့ ပါလာတဲ့ (အမှန်က လေယာဉ်မှာ ပေးတဲ့) အချိုရည်ကို သောက်တဲ့အခါ မိခင်ဖြစ်သူက တားပါသေးတယ်။ ဒါပေမယ့် ဖခင်က ကိစ္စမရှိဘူး သောက်ပါစေ ဆိုပြီး ခွင့်ပြုတော့ ကျနော်တောင် အတော်လေး လေးစားသွားတယ်။ တယ်ဟုတ်ပါလား။ ဒီလူ အမေရိကန်နိုင်ငံရဲ့ ကလေးဥပဒေကို လေးစားတယ်ပေါ့။ ဒါပေမယ့် ရေရှည် မလေးစားနိုင်ပါဘူး။ ကလေးတွေ အချိုရည်ကို ကြမ်းပေါ် ဖိတ်လို့ IOM က တစ်ရှူးစနဲ့ သုတ်တဲ့ အချိန်မှာတော့ ဖခင်ဖြစ် သူက ကလေးငယ်ကို ဖျောင်းကနဲ ခေါင်းကို ရိုက် လိုက်ပါတော့တယ်။ ဒီအခါမှာ IOM က ပုဂ္ဂိုလ်က အကြီးအကျယ် စိတ်ဆိုးပြီး မင်းဘာလို့ ကလေးကို ဒီလိုရိုက်ရတာလဲ ဆိုပြီး မေးခွန်းထုတ်ပါတယ်။ နောက်ပြဿနာ တစ်ခုက အဲဒီလို နာမည်တွေကို ဂျပန်နိုင်ငံမှာကတည်းက အတိုကောက် လုပ်ထားခဲ့တာကို သူတို့တွေ မမှတ်ထားကြဘူး။ ဆိုတော့ I-94 ဖြည့်ပြီး နာမည်၊ ဓာတ်ပုံနဲ့တကွ လူစစ်တော့ ကိုယ့်နာမည်ခေါ်တာတောင် ပြန်မထူးနိုင်ဘူး။ သူတို့ အနေနဲ့ လေယူလေသိမ်းလွဲတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့က ဂရုစိုက် နားထောင်ပေးသင့်တာပေါ့။ ဆိုတော့ မကြာသင့်ဘဲ အချိန်တွေ သုံးနာရီကျော် ပိုကြာပြီး။ မလိုအပ်ဘဲ သူတို့ရဲ့ ဒေါသထွက်ခြင်းကို ခံယူရတယ်။ ဒါနဲ့ပဲ ကျနော်တို့ထဲက ဖီလာဒယ်လ် ဖီယားကို သွားမယ့်လူက လွဲရင် ကျန်သူတွေကို နယူးယောက်က တည်းခိုခန်းတစ်ခုမှာ ထားမယ်ဆိုတာ သိရတော့ ကျနော်လည်း ဟင်း ဆိုတဲ့ သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီး ဒီတစ်ညတော့ စိတ်အေးလက်အေး နားရဦးမယ်ပေါ့။

လူဝင်မှုကြီးကြပ်ရေးကို ဖြတ်သန်းပြီး သကာလ။ လေဆိပ်အထွက်မှာ ကားစောင့်နေချိန်။ အစောက အရိုက်ခံရတဲ့ ကလေး မိသားစုက တစ်စခန်းထပြန်ပါ တော့တယ်။ အဲဒါကတော့ ပါလာတဲ့ စပျစ်သီးတွေ စားရင်း အခွံတွေကို ကြမ်းပေါ်ပစ်ချတော့ ကျနော်က ဒီမှာ အခုလို အမှိုက်ပစ်ရင် အင်မတန် ကြီးလေးတဲ့ ဒဏ်ငွေရိုက်တယ်။ ပြန်ကောက်ပြီး အမှိုက်ပုံးထဲပစ်ပေးဖို့ ပြောတော့ သိပ်မကျေနပ်ချင်ကြဘူး။ ဘာလို့လဲဗျာ။ ရောမကို ရောက်ရင် ရောမလို ကျင့်ရမယ်လေ။ ဒါနဲ့ ကျနော်လည်း စိတ်ပျက်ပြီး လေဆိပ်ပြင်ပထွက် အခြားသော ဆေးလိပ်သမားတွေနဲ့ ဆေးလိပ် ခဏထွက်သောက်တော့ အားပါးပါး။ အေးလိုက်တဲ့ ရာသီဥတု ဒဏ်ကို မိနစ်ပိုင်း အတွင်း မခံနိုင်ပဲ အမြန်ဆုံး ပြန်ဝင်ခဲ့ရတယ်။ ဒီနေရာမှာ ကျနော် တစ်ခု စဉ်းစားမိတာက ကံကောင်းလို့ နို့ဖိုး ယူနိုက်တက်မှာ ကျနော် အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ပြင်ဆင်ခွင့်ရလိုက်တယ်။ ကျေးဇူးပါပဲ ESC. အဲဒီကျောင်းက အင်္ဂလိပ်စာ နားထောင်နိုင် စွမ်းရည် မြင့်မားဖို့အတွက် အင်္ဂလိပ် ဗွီဒီယိုကားတွေလည်း ပြသတယ်ဗျ။

မှတ်မှတ်ရရ Terminal ရုပ်ရှင်ကားကို ပြခဲ့ဖူးတယ်။ အဲဒီမှာ နာမည်ကြီး Tom Hanks မင်းသားက သရုပ်ဆောင်ထားတယ်။ အင်္ဂလိပ်စာ မတတ်တော့ နယူးယောက် လေဆိပ်မှာ ဒုက္ခအခက်အခဲ ကြုံရပုံကို ဗဟုသုတဖြစ်ဖွယ် ကားကောင်းလေး တစ်ခုပါပဲ။ အခု ကျနော်တို့ လူစုထဲမှာဆိုရင် အားလုံးပေါင်း (၃၃) ယောက်ရှိတယ်။ အဲဒီကျောင်းတက်ခဲ့တဲ့သူဆိုလို့ ကျနော်နဲ့ နောက် တစ်ယောက်ပဲ ရှိတယ်။ ဒါနဲ့ပဲ ကျနော်တို့ဟာ ကျန်တဲ့ သူတွေကို အဲဒီ ရုပ်ရှင်ကား အကြောင်းလေးကို အကျဉ်းချုပ် ရှင်းပြလိုက်သေးတယ်။ ဒီလိုနဲ့ပဲ ကျနော်တို့ အားလုံးကို ကျောင်းကြို ဘတ်စ်ကားနဲ့ ဟိုတယ်ကို ခေါ်လာပြန်ရော။ အဲဒီမှာ IOM ၀န်ထမ်း ပြန်ချိန် ရောက်တော့ ကျနော်ကလည်း မနက်ဖြန်မှ တွေ့မယ်လို့ လောကွတ်ချော်ပြီး နှုတ်ဆက်တော့ တော်ပြီ။ ငါမနက်ဖြန် မလာတော့ဘူး။ မင်းတို့ဆီ လာမယ့်အစား ငါ သေပဲ သေလိုက် ချင်တယ်လို့ ပြောလိုက်တဲ့ အချိန်မှာတော့ ကျနော့် ရင်ဘတ်ထဲ အတော် အောင့်သက်သက်ဖြစ်သွားတယ်။ ဒါ ကျနော်တို့ လူမျိုးတွေကို သက်သက် နှိမ်လိုက်တာပဲ။ တဖက်ကလည်း ဖြစ်သင့် ပါတယ်လေ။

တစ်ယောက် တစ်ပေါက်နဲ့။ ပြောမရ ဆိုမရ။ စေတနာ့ ၀န်ထမ်း ၀င်ကူတဲ့ လူရှိပြန်ရင်လည်း အကောင်းမမြင်တတ်ကြပြန်ဘူး။ ရှေ့ကလည်း မဦးဆောင်။ နောက်ကလည်း မလိုက်ပြန်။ အလယ်ကနေ ကန့်လန့်။ ကန့်လန့်နဲ့။ အချိန်ကုန်ပြီး အလုပ် မတွင်ဘူး။ ဒါနဲ့ပဲ နယူးယောက်လေဆိပ်နဲ့ သိပ်အလှမ်း မဝေးတဲ့ Westway Motel Inn ကို ရောက်ရပြန်ပြီပေါ့။ အဲဒီမှာ မိသားစု လူဦးရေအလိုက် အခန်းနဲ့ အစားအသောက်တွေကို စီစဉ်ပေးပါတယ်။ ဒီတခါ အခန်းသော့ဟာ သော့ချောင်း မဟုတ် တော့ပဲနဲ့ ကဒ်တွေနဲ့ ဖြစ်နေတယ်။ ဒါ့ကြောင့် ကျနော်က သူတို့ကို သေချာရှင်းပြပြီး ကျနော့်အခန်း နေရာရတဲ့အထိ စောင့်နေရတော့ သူတို့ကို အရင်သွားပြီး နားလိုက်တော့။ မနက်ဖြန် အစောကြီး ထရဦးမယ်။ ကဒ်ကို အခန်းပြင်ထွက်ရင် မမေ့စေနဲ့။ အစရှိသဖြင့် မှာပြီး လွှတ်ပေးလိုက်တယ်။ မိနစ်အတော်ကြာမှ ကျနော့် အခန်းသော့ ယူလာတဲ့အချိန်မှာ ကျနော် လှမ်းကြည့်တော့ သူတို့တွေဟာ အခန်းထဲ မ၀င်သေးဘဲ ငုတ်တုတ်လေးတွေ ထိုင်နေကြတယ်။ ကျနော်လည်း ၀င်လာရော ကလေးငယ် တချို့က သူတို့ မိဘတွေကို “ဟို အကို လာပြီ။ ဟို အကို လာပြီ” ဆိုပြီး ၀မ်းသာအားရ ပြောလိုက်ချိန်မှာတော့ ကျနော်လည်း အတော်လေး စိတ်မော သွားရတော့တယ်။ သူတို့ဘာဖြစ် နေကြသလဲဆိုရင် ကဒ်ထိုးပေမယ့် တံခါးဖွင့်မရခြင်းပါပဲ။ ကဒ်ကို ပြောင်းပြန်ထိုးတာလည်း ဖြစ်သလို။ ကဒ်ကို အဆုံးထိ မထိုးမိတာလည်း ဖြစ်နိုင်သလို။ ထိုးပြီး အောက်ခြေက မီးအလင်းကို မစောင့်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ အခန်းအားလုံးကို ကျနော် လိုက်ဖွင့်ပေးပြီး။ အပြင်ထွက်ရင် အခန်းထဲ ကဒ်မချန်ခဲ့မိဖို့ အထပ်ထပ်။ အခါခါ မှာယူရပါတော့တယ်။ ခဏနေတော့ ကျနော့်အခန်းဟာ ဘန်ကောက်မှာလိုပဲ ဧည့်သည်တွေ ၀င်လာမဆဲ။ တသဲသဲ ဖြစ်နေရပြန်ပါတယ်။ ပထမဦးဆုံးကတော့ မီးခြစ် ပြဿနာပါ။ လေဆိပ်မှာ မီးခြစ် သယ်ဆောင်ခွင့်မရှိလို့ လွှင့်ပစ်ခဲ့တာဟာ အခုအချိန်မှာ ဆေးလိပ်သောက်ဖို့ အခက်အခဲကို ပြန်ဖြစ်စေပါတယ်။ ဟော်တယ် ကောင်တာမှာ သွားဝယ်တော့လည်း “မရောင်းပါ”တဲ့။ ဒါနဲ့ ကျနော်တို့ကို အဲဒီဟော်တယ်လိုက်ပို့ပေးတဲ့ ကားသမားက ကြင်နာမှုအပြည့်နဲ့ သူ့ရဲ့ မီးခြစ်တစ်လုံးကို ဒါနပြုပါတယ်။ ဒါနဲ့ပဲ အခန်းထဲက အိမ်သာမှာ စုပြီး ဆေးလိပ်သောက် မင်္ဂလာ ကျင်းပလိုက်ကြတယ်။ ကရင်အမျိုးသား တစ်ဦးကတော့ သူ့အခန်းထဲမှာ သူ့ဟာသူ တစ်ယောက်ထဲ သောက်ပါတယ်။ နောက်တနေ့ မနက်မှာတော့ ကျနော့်ဆီ အပြေးအလွှားရောက်လာပြီး “အကို။ ကျနော်တော့ မနေ့က အခန်းထဲမှာပဲ ဆေးလိပ် ခိုးသောက်တယ်။ ကျနော်က အကိုက မသောက်ပါနဲ့လို့ သတိပေးထားတဲ့ အဲဒီ ဘုလုံးကြီး အောက်မှာ ထိုင်သောက် မိတယ်။ ဆေးလိပ် တစ်လိပ်တောင် မကုန်သေးဘူး။ ကျနော့်ခေါင်းတွေ မူးလာပြီး မနိုင်တော့တာနဲ့ ဆေးလိပ် မီးသတ်ပြီး အိပ်ယာထဲသွားတာ ခြေတောင် မလှမ်းနိုင်တော့ဘူး။ အဲဒီ စက်ကြောင့်လား မသိဘူး” တဲ့။ ကျနော်လည်း ခေါင်းနပန်းကြီးသွားတယ်။ တော်သေးတာပေါ့။ အချက်ပေးသံ ထ မမြည်တာ။ အဲဒါက လူကို အန္တရာယ်တော့ မပေးဘူး။ အသံအော်ပြီး ဟော်တယ်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားစေနိုင်တဲ့ အပြင် ခင်ဗျားလည်း ဒဏ်တတ်ခံရနိုင်တယ်။ အဓိကက ခင်ဗျား အားနည်းနေလို့ ခေါင်းမူးတာပါလို့ ရှင်းပြလိုက်ရတယ်။ ဘုရား ဘုရား။ ပြောရင် ပြောတဲ့အတိုင်း လိုက်မလုပ်ပေမယ့် လုပ်တဲ့အတိုင်းတော့ ပြန်ပြောကြရှာပေသားပဲ။


ဇန်န၀ါရီလ (၃၀)ရက်။ ၂၀၀၉ ခုနှစ်

တကယ်ဆိုရင် ကျနော့် အေဂျင်စီ ဆီက အီးမေးလ် အရဆိုရင် ကျနော်ဟာ ကျနော် ကျရောက်တဲ့ ပြည်နယ်ကို ဇန်န၀ါရီ (၂၉) ရက် နေ့လယ် နှစ်နာရီ လေးဆယ် မိနစ်မှာ ရောက်ရမှာပါ။ သို့ပေမယ့် ဘယ်လို အကြောင်းကြောင့် အစီအစဉ်တွေ ပြောင်းသွားရသလဲ မသိဘူး။ အခု (၃၀)ရက် မနက်မှာတော့ သူတို့ပြောထားတဲ့ အချိန်ထက် စောပြီး နယူးယောက်လေဆိပ်ကို သွားဖို့ လာကြိုပြန်ပါပြီ။ ဒီတခါမှာတော့ ကျနော်တို့ သက်သက်မဟုတ်တော့ဘဲ အီရတ်ဒုက္ခသည်တွေပါ ပါနေပြန်တယ်။ မြန်မာတွေ ကံကောင်းခြင်းကို အစပြုတာပါပဲ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ အီရတ် ဒုက္ခသည်တွေဟာ အင်္ဂလိပ်စကားကို လုံးဝနီးပါး နားမလည်တဲ့အပြင် IOM ပြောဆိုနေချိန်မှာလည်း နားထောင်မှုမရှိဘဲ သူတို့အချင်းချင်း ပြောချင်ရာ ပြောနေကြပါတယ်။ သူတို့မှာ သာတာဆိုလို့ အကောင်းစား ခရီးဆောင်သေတ္တာ တစ်ယောက် နှစ်လုံးစီ ပါလာကြတယ်။ အော်။ ဒုက္ခ သုက္ခတွေထဲက ကိုယ့်ရဲ့ အ၀တ်အစားတွေ ပြည့်စုံအောင် သယ်ရတဲ့ ဒုက္ခလည်း မလွယ်ပါလားနော်။ ကျနော်တို့ အားလုံး နယူးယောက်ရဲ့ မနက်စောစော လေးနာရီလောက်မှာ အဲဒီ ဟော်တယ်ရှေ့မှာ လေဆိပ်ကို မသွားနိုင်သေးဘဲ တစ်နာရီကျော် အအေးထဲ ဒုက္ခရောက် နေရပါတော့တယ်။ အဲဒါကလည်း အီရတ်ဒုက္ခသည်တွေကြောင့်ပါ။ အီရတ်ဒုက္ခသည်တွေက ကျနော်တို့ မြန်မာဒုက္ခသည်နဲ့ ထိုင်ခုံ အတူမထိုင်ချင်လို့ ကားပေါ်မှာ ရစ်နေတာ IOM ၀န်ထမ်းပြောတာ ကြားရတော့မှ ကျနော် အတော်လေး ဒေါသထွက်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ IOM ၀န်ထမ်း စိတ်ဆိုးမာန်ဆိုး အော်ငေါက်တော့မှ သူတို့ အနည်းငယ် ငြိမ်ဆိတ်ပြီး ကား စတင် ထွက်ခွာဖို့ ဖြစ်လာပါတယ်။ လေဆိပ် ရောက်တယ်ဆိုရင်ပဲ ကျနော်တို့ အားလုံးရဲ့ မတူညီတဲ့ ခရီးစဉ်တွေကို IOM ၀န်ထမ်းက သူတစ်ဦးတည်း လိုက်လံ စီစဉ် ရပါတော့တယ်။ အဲဒီမှာ တွေ့ပါပြီ။ I-94 ကဒ်က ဘယ်လောက် အရေးကြီးသလဲဆိုတာ။ အီရတ် ဒုက္ခသည်တစ်ဦးက အဲဒီ ကဒ်ကို သူမရဘူးလို့ပြောတယ်။ IOM ၀န်ထမ်းက အဲဒီကဒ်မရှိဘဲ မနေ့က မင်း ဟိုတယ်မှာ တည်းခွင့်မရနိုင်ဘူးလို့ ဖြေတယ်။ အီရတ်ကလည်း သူ့ကို IOM ၀န်ထမ်းက မပေးဘူးလို့ ငြင်းတယ်။ ဒါနဲ့ IOM ၀န်ထမ်းက “မင်းမှာ အဲဒီကဒ် ရှိကို ရှိနေရမယ်။ မရှိရင် မင်းဟာ အမေရိကန်နိုင်ငံမှာ တရားဝင်မှုမရှိဘူး။ နောက်ဆက်သွားရမယ့် ခရီးစဉ်ကလည်း မင်း အတွက် မရှိတော့ဘူး” လို့ ဆိုပါတယ်။ ပြီးတာနဲ့ ကျနော်တို့ ဗမာဒုက္ခသည်တွေဖက် လှည့်ပြီး သူလုပ်ပေးစရာရှိတာတွေကို စီစဉ်တော့ “မင်းတို့က သူတို့ထက် ကောင်းပြီး။ တော်တယ်” လို့ ဆိုပါတယ်။ ခရီးစဉ်တလျှောက်လုံး စိတ်ပင်ပန်းခဲ့ရသမျှ ဒီစကားကို ကြားရတော့ တချို့က အရမ်းပျော် သွားတယ်။ အော်။ ကိုယ့်ထက် ညံ့တဲ့သူ ပေါ်လာမှ ကိုယ်က တော်တယ် ဆိုတာမျိုးဟာ တကယ်တော့ ကိုယ့်ထက် နိမ့်ကျတဲ့လူနဲ့ ယှဉ်ပြီးမှ ကိုယ်က မြင့်တာက ဂုဏ်တစ်ခုမှ မဟုတ်တာ။ ဒါနဲ့ပဲ IOM ၀န်ထမ်းက စီစဉ်ပေးတဲ့ လေယာဉ်လက်မှတ်ကို ကိုင်ဆောင်ပြီး ကိုယ်ဆက်ရမယ့် ခရီးစဉ်အတွက် ကိုယ့်ဟာကိုယ် ခရီးဆက်ရပါတော့တယ်။ အဲဒီမှာပဲ ကျနော်တို့ ဗမာဒုက္ခသည်တွေဟာ ကိုယ့်သက်ဆိုင်ရာ ပြည်တွင်း လေကြောင်းလိုင်းတွေဆီ သွားကြရင်း လူစုကွဲသွားပါပြီ။ ကျနော်ကတော့ ပြည်တွင်း လေကြောင်းလိုင်း ဖြစ်တဲ့ Taxes ပြည်နယ် Dallas ကို သွားရမယ့် လေယာဉ်ရှိရာဆီကို ဦးတည်လာရပါတယ်။ စစ်ဆေးရေးဂိတ်ကို ဖြတ်တော့ ထုံးစံအတိုင်း အေးလွန်းလို့ ၀တ်ထားရတဲ့ အနွေးထည်တွေ။ ဖိနပ်တွေကို ချွတ်ပြီး အစစ်ဆေးခံရပြန်ပါတယ်။ ဆိုးတာက နယူးယောက်ကနေ ကျနော် တကယ်သွားရမယ့် Houston လေယာဉ်ကို စီးရတာမျိုးမဟုတ်ဘဲ Dallas က တဆင့် Houstonကို သွားရတာပါ။ မနက် ၇း၅၅ မှာ Dallas ကို ထွက်ခွာရပါတယ်။ ကျနော့် ကံကောင်းချက် ကတော့ ပြည်တွင်းခရီးစဉ် လေကြောင်းလိုင်းတွေ အစားအသောက်တွေ အခမဲ့ မကျွေးတော့ဘူးဆိုတာကို သတင်းတွေအရ ကြိုသိထားခြင်းပါပဲ။

ဒါ့ကြောင့် လေယာဉ် မစီးခင်မှာ ပါလာတဲ့ ဒေါ်လာငွေ အနည်းငယ်ထဲက သရေစာ အချို့ဝယ်ပြီး မဒမ် သံဝေဂ နဲ့အတူ မျှဝေ စားသောက်ထားလိုက်ပါတယ်။ ထင်ထားတဲ့ အတိုင်းပါပဲ။ လေယာဉ်ပေါ်မှာ အအေးကလွဲရင် ဟမ်ဘာဂါတို့ ဘာတို့ဟာ ငွေပေးစားရတာပါ။ ဟမ်ဘာဂါတစ်ခုကို ၆ ဒေါ်လာ ကျပါတယ်။ အခြားသော မြန်မာ ဒုက္ခသည်တွေ ဘယ်လို ခရီးဆက်သလဲတော့ မသိပါဘူး။ ကျနော်တို့တော့ ရှိစု မဲ့စုလေးနဲ့ ခြစ်ကုတ် အဆင်ပြေအောင် စီစဉ် ရပါတော့တယ်။ Dallas ကို ရောက်ဖို့ လေးနာရီ နီးပါး လေယာဉ်စီးရပါတယ်။ လေယာဉ်ပေါ်ရောက်မီ Dallas က Houston ကို သွားရမယ့် လေယာဉ် လက်မှတ်ကို ရှာတော့မှ ကျနော့် ခေါင်းပေါ် မိုးကြိုးပစ်ချ လိုက်သလို ခံစားလိုက်ရပါတော့တယ်။ IOM ၀န်ထမ်းက ကျနော်တို့ကို ထည့်ပေးလိုက်ဖို့ မေ့သွားတာပဲလား။ ဒါမှမဟုတ် စစ်ဆေးရေးဂိတ်တွေမှာ အနွေးထည်တွေ ချွတ်ရင်း ကျပျောက်သွားသလား စဉ်းစားမရလောက်အောင်ပါပဲ။ သေချာတာကတော့ ကျနော်နဲ့ ဇနီးသည် နှစ်ယောက်စလုံး အစစ အရာရာ ဂရုတစိုက်ရှိခဲ့ကြပါတယ်။

ဒါနဲ့ပဲ လေယာဉ်မယ်ကို အကူအညီတောင်း မေးမြန်းစုံစမ်းရပါတော့တယ်။ လေယာဉ်မယ်က Dallas ကို ရောက်ရင် Counter မှာ သွားပြီး လေယာဉ် လက်မှတ် ထုတ်ယူလို့ရနိုင်ကြောင်းနဲ့ လေယာဉ်မောင်းဆီ အကြောင်းကြားပြီး Houstonကို သွားမယ့် လေယာဉ်ချိန်နဲ့ ဂိတ်နံပါတ်ကို စုံစမ်းပေးပါသေးတယ်။ တော်သေးတာပေါ့ဗျာ။ Dallas ရောက်တာနဲ့Sky Train စီးပြီး Counter ကို ပြေး။ လက်မှတ်ကိစ္စ လှုပ်ရှား။ လက်မှတ်ရမှ Houston ကို သွားမယ့် လေယာဉ်ကို တစ်နာရီခွဲ ကြာကြာ စောင့်ပြီးမှ ဆက်စီးလာရ ပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်။ မနေ့ညက နောက်ဆုံးစားထားတဲ့ ညစာ ထမင်းကလွဲရင် ကျနော်တို့ ဗိုက်ထဲမှာ အစာပြေစားထားတဲ့ မုန့်ပဲ ရှိတော့ Houstonကို ရောက်တာနဲ့ ဗိုက်က အတော်လေးကို ဆာနေပါပြီ။ ကံကောင်းတော့ ကျနော်တို့ လေဆိပ်ရောက်ရောက်ချင်း Agencyက လာကြိုတာကို ကျေးဇူးတင်စွာ တွေ့လိုက် ရပါတယ်။ အဲဒါတောင် သူကြိုတဲ့ နေရာအထိ ကျနော်တို့ မေးမြန်းသွားရတာပါ။ ခရီးစဉ် တလျှောက်လုံး စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းလာခဲ့သမျှ အခုတော့ သက်ပြင်းအမောကြီးကို စိတ်ချလက်ချ ခပ်ရှည်ရှည်ချရပါတော့တယ်။ လမ်းမှာ သူ့ကားကို စီးရင်း စကားတပြောပြောနဲ့ Houston မြို့ကြီးဟာ အမေရိကန်နိုင်ငံရဲ့ စတုတ္ထအကြီးဆုံးမြို့ ဖြစ်တဲ့အကြောင်း။ အရင်က ရေနံလုပ်ငန်းဟာ သူတို့ရဲ့ အဓိက လုပ်ငန်းဖြစ်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မုန်တိုင်းကြောင့် စီးပွားရေးထိခိုက်မှုကို ကြုံတွေ့ခဲ့ရပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီ ရေနံလုပ်ငန်း အပြင် နောက်ထပ် စက်ရုံ။ အလုပ်ရုံလုပ်ငန်းတွေကိုလည်း ထားရှိခဲ့ကြောင်း။ နာမည်ကြီး ဆေးရုံပေါင်း (၃၀) ရှိကြောင်းနဲ့ အထူးသဖြင့် နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ကုသမှုမှာ ကမ္ဘာက စိတ်ဝင်စားခြင်း အခံရဆုံးနဲ့ ကမ္ဘာ့နေရာအနှံ့က လူနာပေါင်း မြောက်များစွာကို ကုသပေးနေကြောင်းရှင်းလင်း ပြောဆိုပါတယ်။

နောက်ပြီး ကျနော်တို့ကို ရုံးခန်း ခေါ်လာပြီး Director နဲ့ မိတ်ဆက်ပေးရင်း ကျနော်တို့ အတွက် ဟမ်ဘာဂါ အပြေးအလွှားဝယ်ပြီး စားစေပါတယ်။ Director နဲ့ စကားစမြည် အနည်းငယ်ပြောဆိုပြီး ကျနော်တို့အတွက် စီစဉ်ထားတဲ့ အိမ်ကို ပို့ဆောင်ပေးပါတယ်။ အိမ်ရောက်တဲ့အချိန်မှာတော့ ကျနော်တို့ ဇနီးမောင်နှံဟာ အလွန်မတန်မှ ပင်ပန်းနေခဲ့ပါပြီ။ ဘာဆို ဘာမှ လုပ်ကိုင်ချင်စိတ်ကို မရှိတော့ပါဘူး။ စဉ်းစားကြည့်လေဗျာ။ လေးည ငါးရက် ခရီးစဉ် တလျှောက်လုံးကို နားချိန်ဆိုလို့ အချိန်ခဏလေးပဲ ရခဲ့ကြတာ မဟုတ်လား။ ခြေပစ် လက်ပစ်ကို နားဖို့လိုအပ်လာတဲ့ အတွက် ခပ်စောစောပဲ အိပ်ယာဝင်ခဲ့ကြပါတယ်။

အားလုံးချမ်းမြေ့ကြပါစေ။

ကိုသံဝေဂ
read more “နို့ဖိုး-အမေရိကခရီးစဉ်”

Foggy Morning

0 comments Tuesday, August 4, 2009
I like the fog, her mist milky, consuming and all-enwrapping, like some thick drowsy blanket. You can step out into her, the cloud. She’s tangible, entirely palpable to all of our unforgiving five senses. This bit of stale rain, caught as she were between the watery ground and the even more misty sky, mopes about my bamboo home, waiting for me to open my thatched door and enter into her enfolding must. Everyday, like this, on top of my mountain, outside of my bamboo home, this malleable moat of moisture greets me magically. So, before I drink coffee or traipse my legs into walk, I breathe in her wet and run through her wild. I like the fog, always so dour, she haunts my bamboo home and I her shower.
***************************
Here's a bit of what we call in English 'creative writing'. Particular liberties can be taken in this type of writing. One can, if so inclined be more whimsical, even as poetic as I have been here; or, more often than not, creative writing is simply in prose. It can be long or it can be short, pages in length or even just a few paragraphs. As far as I can tell the most important thing to remember when doing some creative writing is just to have fun with it. Life, if you haven't noticed it or not, is rather short. No need to ache one's head over a smidgen of English composition, no?

New Vocabulary
drowsy (adj) -sleepy
palpable (adj) -able to be touched, clear to the
mind
stale (adj) - un-lively, flat, stationary, old
to mope (v) - to give way to sadness
must (n) - mold, cloud, mist, strong
fragrance
malleable (adj) - adaptable, changeable,
bendable
moat (n) - watery barrier around a castal
traipse (v) - to walk aimlessly
dour (adj) - serious, stern

by
Thomas Rhoden
read more “Foggy Morning”

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

0 comments Saturday, August 1, 2009
၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်….။
အင်္ဂါနေ့….။

မြောင်းမြမြစ်နှင့် ငဝန်မြစ်တို့၏ဆုံရာ မြစ်ဆုံရှိ၊ ရေပြင်သည် ပင်လယ်ငယ်လေး တခုပမာအလား….။ အပြောကျယ်၏။ ရေ၏အရောင်က `ရေကြည်ပြာ´ ….။ ပြာလဲ့လဲ့ကောင်းကင်နှင့် ငဝန်မြစ် ရေကြည်ပြာရောင်အဆင်းက `သမူဟ´ ဖြစ်၍နေသည်။ မြတ်မေတ္တာသင်္ဘောက မြောင်းမြမြစ်အတွင်းမှ အံကျလာပြီး ငဝန်မြစ်အတွင်းသို့ အလိုက်သင့်၊ စီးမျော၍ ဝင်ရောက်သွားပြန်၏။ ရေယာဉ်ကြောက ….. မြောင်းမြမြစ်ယံမှသည် ငဝန်မြစ်ပြင်ဆီသို့ ကူးခဲ့ပြီ။ မြစ်ဆုံမှ ပုသိမ်သို့ ငဝန်မြစ်ကြောင်းခရီးက အဆန်ခရီးဖြစ်သော်လည်း ….. ငဝန်သည် ပဉ္စလက်ဆန်စွာနှင့် မှန်သာပြင်ကဲ့သို့ ငြိမ်နေ၏။ ကန်ရေပြင်အလား …..။ ရေစီးရေလာဟူ၍မရှိ….။ ငဝန်မြစ်ရေက `အီ´၍ နေသည်။ အောက်ရေတိုးမည့် ဟန်အား တွေ့ရ၏။ အနောက်တောင်လေအနှော့တွင် လှိုင်းကြက်ခွပ်လေးများက သော့၍…သော့၍။ `လတာ´ပြင်ထက်မှ `လမုပင်´များအား တွေ့ရ၏။ လတာပင်တို့က ညိုညိုမှိုင်းမှိုင်း အုပ်အုပ်ဆိုင်းဆိုင်း….။ ဆပ်သဖူးပင်၊ မဒမပင်၊ ဓနိတော၊ ဗျိုက်တောတို့နှင့် ငဝန်သည် သူ၏ အနားသတ်အား စိမ်း၍စိုလွင်သော အသွေးနှင့် လှပစွာ `ကွပ်´ထား၏။

ပင်လယ်ဝမှ တိုးရေကြောင့် မြစ်ရေသည် မြစ်ညာဆီသို့လွန်၍ စီး၏။ ပထမတွင် ညှင်းညှင်းသွဲ့သွဲ့ ….။

မကြာ …. ငဝန်သည် ပြေးလမ်းဝ၌ ဦးမော့ရန် အသင့်ဖြစ်နေသည့် လေယာဉ်တစင်းအလား၊ …… အရှိန်နှင့် စီးတော့၏။ ငဝန်က ဇက်ကြိုးလွှတ်ထားသော မြင်းရိုင်းတကောက်ကဲ့သို့ ကဆုန်ပေါက်လေပြီ။ ရေစီးကြောင့် မြတ်မေတ္တာသည် သွက်လက်စွာနှင့် ပုသိမ်သို့ အသော့နှင်လေပြီ။

မြောင်းမြမှ မထွက်ခွာမီကတည်းက …. ပုသိမ်၏ အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်တို့ ကြားသိထားခဲ့ပြီး ဖြစ်သည်။ ပုသိမ်အခြေအနေက မကောင်း….။ ကျုံမငေးထက်ဆိုးသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။

ဧရာဝတီတိုင်း (တ.ဝ.တ) ဥက္ကဋ္ဌ၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြင့်အောင်က ပုသိမ်မြို့အား `နေ့မထွက်ရ၊ အမိန့်´ ထုတ်ပြန်ထား၏။ အမိန့်က …. `နေဝင်မီးငြိမ်း´ အမိန့်မဟုတ်….။ `နေထွက် မီးငြိမ်း´ အမိန့်။ ရယ်စရာလည်း ကောင်း၏။ လုပ်ချင်ရာ လုပ်နေကြသည့် ခေတ်ကြီး….။ ပုသိမ်ရှိဈေးများအား ပိတ်စေ၏။ ရေယာဉ်များ၊ မော်တော်ယာဉ်များအား သွားလာမှု မပြုရဟူ၍ အမိန့်ထုတ်၏။ စာသင်ကျောင်းများကမူ ၁၉၈၈ ခုနှစ်ကတည်းက ပိတ်ထားခြင်းဖြစ်၍ ထပ်၍ပိတ်ရန် အမိန့်ထုတ်စရာမလို….။ သို့သော် … ကျောင်းဆရာ၊ ဆရာမများနှင့် အစိုးရဝန်ထမ်းများကိုမူ အစည်းဝေးဟုဆိုပြီး ခန်းမအတွင်း၌ စုရုံးထား၏။ ဝန်ထမ်းများအား ခန်းမအတွင်းခေါ်၍ အကျယ်ချုပ် ချုပ်ထားသည်ကဲ့သို့ ….။

ပုသိမ်အား ရှင်းထားခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပုသိမ်သို့ရောက်လျှင် … လူထုမရှိစေရန် လူထုနှင့် မထိတွေ့နိုင်စေရန် တိုင်းမှူးက ရွှေဉာဏ်တော်စူးထားခြင်းဖြစ်၏။

ပြီးလျှင် …. ဒေါ်အောင်ဆန်းစုကြည်တို့၏ သင်္ဘောပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ပါကလည်း ….. ကမ်းပေါ်သို့ မတတ်ရောက်နိုင်ရန် ဆိပ်ခံဘောတံတားများအား ပြုပြင်ရန်ဟူ၍ အကြောင်းပြပြီး ဆိပ်ခံတံတားအခင်း ပျဉ်များအား ခွာထားကြပြန်သည်။

ထိုမျှ နှောင့်ယှက်ဟန့်တားသည့် အစီအစဉ်နှင့် တိုင်းမှူးမြင့်အောင်က မကျေနပ်သေး….။ လက်ဖြောင့်တပ်သားများကိုလည်း အသံတိတ် မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ပြီး (တ.ဝ.တ) ရုံးနှင့် အရေးကြီးသည့် နေရာများတွင် လျှို့ဝှက်၍ နေရာချထားသေး၏။ ပုသိမ်မြို့၏ လမ်းများကိုလည်း သံဆူးကြိုးခွေများနှင့် ပိတ်ထား၏။ လက်နက်ကိုင် စစ်သားများ တင်ဆောင်ထားသည့် စစ်ကားများ၊ အပေါ့စားတင့်ကားများ၊ အသံချဲ့စက် တင်ဆောင်ထားသည့် ကားများသည်သာ ပုသိမ်၏ လမ်းများပေါ်၌ နေရာယူထားကြ၏။ မြို့က ရှင်း၍ … တစပြင်အလား…..။ လူထုသည် `ငြိမ်´နေ၏။ ငြိမ်သက်မှုက …. ကြောက်ရွံ့၍ ငြိမ်ဝပ်နေခြင်းမျိုးက မဟုတ်….။ မုန်တိုင်းမထန်မီ …. ငြိမ်သက်မှုမျိုး…..။

`မြတ်မေတ္တာ´သည် ဤရေစီး၊ ဤမောင်းနှင်အားနှင့်ဆိုလျှင် …. နောက်ထပ် ၂ နာရီအတွင်း ပုသိမ်သို့ ရောက်မည်။ ပုသိမ်အဝင်အထွက် ပြင်ဆင်ညှိနှိုင်းစရာများအား ဒေါ်အောင်ဆန်းစုကြည်သည် ဦးကြည်မောင်၊ ဦးဝင်းထိန်တို့နှင့် ဆွေးနွေး၏။ လူငယ်များကိုလည်း ရှင်းပြ၏။

ပထမ အရေးကြီးဆုံးအချက်က …. ပုသိမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ရပြီး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခွင့်ရရေး….။ ပုသိမ်အာဏာပိုင်တို့က အစရှာ၍မရအောင် မိမိတို့ဘက်မှ စည်းကမ်းရှိဖို့ တည်ငြိမ်မှုရှိဖို့ လိုမည်။

အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရနိုင်မည်။ အကြမ်းဖက်မှုအား အကြမ်းဖက်မှုနှင့် ပြန်၍ မတုံ့ပြန်မိရန် အားလုံးက ထိန်းသိမ်းကြရမည်။ ပုသိမ်မြို့အဝင် နံနက်က မည်သို့စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်နည်း ….။ မသိနိုင်သေး….။ လူငယ်များက `ကမ္ဘာမကြေဘူး´ သီချင်းအား သံပြိုင်သီဆိုရင်း …. သတ္တိမွေးနေကြ၏။

``တော်လှန်ရေး…..ငါတို့သွေးနဲ့
ရေးခဲ့ကြတဲ့ မော်ကွန်းတွေ …..
ကမ္ဘာမကြေဘူး …..´´

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)


(၆၀)
``ဧရာဝတီ….
အောင်စည်ဆော်လော့
ပြည်တော်ဝင်ခန်း ရောက်ချေပြီ ….´´
`မြတ်မေတ္တာ´က နံနက် ၁၁းဝဝ နာရီခန့်တွင် ပုသိမ်သို့ ဆိုက်၏။ ပုသိမ်မြို့ …. ကိုယ့်မင်းကိုယ်ချင်း တံတားတွင် `မြတ်မေတ္တာ´ အား ဆိုက်ကပ်ခဲ့၏။ ပုသိမ်ကမ်းပေါ်သို့ တက်ရေးက အနှောင့်အယှက်မရှိ။ ဒေါ်အောင်ဆန်းစုကြည်တို့ အားလုံး ပုသိမ်ဆိပ်ကမ်းပေါ်သို့ တက်ခဲ့ကြ၏။ ပုသိမ်လမ်းများအား ရှင်းထားသည့် ကြားမှပင် ပုသိမ်လူထုသည် ဒေါ်အောင်ဆန်းစုကြည်တို့အား ထွက်၍ ကြိုဆိုကြ၏။ မကြောက်မရွံ့….။

အာဏာပိုင်တို့၏ `နေ့မထွက်ရ … အမိန့်´ က … လူထု၏ ရဲရင့်မှုအောက်၌ ကြေပျက်၍ သွားလေပြီ။ လမ်းတလျှောက်၌ …. စစ်သားများက လမ်းဘေးဝဲယာ၌ ပစ်ခတ်ရန်အသင့်နှင့် စောင့်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပုသိမ်မြို့ ရွှေဝါလမ်းသို့အရောက်တွင် ၁၂ နှစ်အရွယ်မျှရှိမည့် ကျောင်းသားလူငယ်နှစ်ဦးက ဒေါ်အောင်ဆန်းစုကြည်တို့အား လက်ခုပ်တီး၍ ကြိုဆိုသြဘာပေး၏။ မွန်းလွဲ ၁၂း၁၅ နာရီခန့်တွင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဧရာဝတီတိုင်း၊ တိုင်းရုံးသို့ ရောက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ချုပ်တိုင်းရုံးသို့ရောက်မှ …. ရွှေဝါလမ်းတွင် လက်ခုပ်တီး သြဘာပေးခဲ့သည့် လူငယ်လေးနှစ်ဦးအား လမ်းမထက်တွင်ပင် စစ်သားများက ဝိုင်း၍ရိုက်ကြကြောင်း သတင်းအား စိတ်မောစွာနှင့်ပင် ဒေါ်အောင်ဆန်းစုကြည် နားထောင်ရသည်။

ခတ္တအနားယူပြီးသည်နှင့် အဖွဲ့ချုပ်တိုင်းရုံးတွင်ပင် အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ပြီး စကားပြော၏။

``အမျိုးများရဲ့နယ်ကို လာတယ်လို့ ကျမစိတ်ထဲမှာ ထားပါတယ်။ တောင်တွင်းကြီး၊ နတ်မောက်၊ ရေနံချောင်းဟာ ဖေဖေ့နယ်ဖြစ်သလို ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတဆိုတာ မေမေ့ရဲ့ နယ်ဖြစ်ပါတယ်။ ဖိုးဖိုးကဆိုရင် ဟင်္သာတက လာတယ်။ ဒါပေမဲ့ မြောင်းမြမှာ နေသွားတယ်။ ကျမအဖွားများရဲ့ အမျိုးများဟာ ပုသိမ်က ဖြစ်ပါတယ်။ ပုသိမ်၊ မြောင်းမြ၊ ဟင်္သတဟာ ကျမတို့ရဲ့ ဆွေမျိုးများနယ်မြေဖြစ်လို့ ကျမ ဒီကိုလာရတာ တခါမှမလာဖူးပေမယ့်လည်း ကိုယ့်အိမ် ပြန်လာရသလိုပဲ ကျမ စိတ်ထဲမှာ ထားပါတယ်။ ဧရာဝတီတိုင်း ခရီးကို လာတဲ့အခါကျတော့ လမ်းတလမ်းလုံးမှာ မြင်ခဲ့ရတာဟာ အဖွဲ့ချုပ်ဝင်များဟာ ဘယ်လောက်သတ္တိရှိရှိနဲ့ လုပ်နေတယ်ဆိုတာ မြင်ခဲ့ရလို့ အများကြီး အားတက်ပါတယ်။ အခက်အခဲရှိတယ်လို့ ပြောပေမယ့် တွေ့ရတာ မျက်နှာတွေကြည့်တော့ ပြုံးပြုံးရွှင်ရွှင်ပဲ၊ ဖမ်းဆီးတဲ့အကြောင်း ပြောရင်လည်း ပြုံးပြုံးရွှင်ရွှင်ပဲ။ ဒီလောက်တောင်မှ စိတ်အားတက်ကြွစွာနဲ့ လုပ်နေတဲ့ ပြည်သူလူထုကြီးဟာ မုချအောင်မြင်ရမယ်လို့ ကျမယုံကြည်ပါတယ်။ အခု ဒီမိုကရေစီလိုချင်တဲ့ စိတ်ဆန္ဒများဟာ မြစ်ကြီးသဖွယ် စီးဆင်းနေပါတယ်။ ဒီမြစ်ရေတွေကို ဘယ်သူမှ တားနိုင်မှ မဟုတ်ပါဘူး။ အဲ့ဒီတော့ ကျမတို့အဖွဲ့ချုပ်ဟာ ဒီမြစ်ရေတွေကို မှန်တဲ့ကန်တဲ့ လမ်းကနေပြီးတော့ သွားနိုင်အောင်လို့ မြစ်ရေတွေဟာ လျှံပြီးတော့ အန္တရာယ်မဖြစ်နိုင်အောင်ဆိုတဲ့ တာဝန်တွေ ရှိပါတယ်။

ပြည်သူလူထုရဲ့ အင်မတန်မှ တတ်ကြွတဲ့ စိတ်ဆန္ဒတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလှုပ်ရှားမှုထဲမှာ ညီညွှတ်မှုနဲ့ ထပ်တူအရေးကြီးတာကတော့ စည်းကမ်းရှိမှုပဲလို့ အတန်တန် ပြောနေတာဖြစ်ပါတယ်´´

(၆၁)
``နံနက် ၁ဝးဝဝ နာရီမှ ညနေ ၁၆းဝဝ နာရီအတွင်း မည်သူမျှ အိမ်ပြင်မထွက်ရ´´
``မော်တော်ကား၊ ဆိုက်ကား၊ မြင်းလှည်း၊ လှေ၊ သမ္မာန်၊ မော်တော်၊ သင်္ဘော …. မည်သည့်ယာဉ်မျှ သွားလာခြင်းမပြုရ´´
``၂/၈၈ အား မည်သူမဆို တိတိကျကျ လိုက်နာရမည်´´

ပုံ

မြင့်အောင်
(ဗိုလ်မှူးချုပ်)
ဥက္ကဋ္ဌ
ဧရာဝတီတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့

ပုသိမ်တွင်က …. တိုင်းမှူးမြင့်အောင်၏ အမိန့်ကြောင့် ယာဉ်အသွားအလာအားလုံး ရပ်ဆိုင်းနေ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်က …. ၁၈ ရက်နေ့တွင် ငပုတော …. ဟိုင်းကြီးကျွန်းဘက်သို့ သွားရန်ရှိ၏။ သို့သော် ….. မည်သည့်ရေယာဉ်မျှ ငှား၍မရ။ အမိန့်ကြောင့် လုပ်ငန်းရှင်များက ကြောက်ကြသည်။ လူလတ်တန်းစား ဓနရှင်ပေါက်စတို့၏ ဉာဉ်အတိုင်း မိမိအကျိုးစီးပွားအား အထိခိုက်မခံရဲကြ။ အကျိုးကိုကြည့်၍ အကြောင်းအား လုပ်၏။ ဤတွင် …. ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။ နံပါတ်တစ် …။ ဗိုလ်မှူးချုပ်မြင့်အောင်အနေနှင့် ပုသိမ်အား မည်မျှအထိ ဆက်သွယ်ရေး လမ်းကြောင်းများ အားလုံးအား ဖြတ်တောက်ထားမည်နည်း ….။ တပတ်လား … တလလား….။

နံပါတ်နှစ်….။ နေ့မထွက်ရဟူသည့် အမိန့်အား ပုသိမ်တွင် မည်မျှကြာရှည် ထုတ်ပြန်ထားနိုင်မည်နည်း။ အချိန်ကြာလာသည်နှင့်အမျှ ပြဿနာအရပ်ရပ်၏ အကျိုးတရားသည် ဗိုလ်မှူးချုပ်မြင့်အောင်ထံသို့သာ စုပြုံ၍ ဝင်လာပေလိမ့်မည်။

ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စည်းရုံးရေးခရီးစဉ် အစီအစဉ်များ အားလုံးကို ပြောင်းလဲပစ်လိုက်၏။

ဘယ်ဆီမျှ သွား၍မရလျှင် ….. ပုသိမ်မှာပင် အခြေပြုပြီး နေမည်။ ပုသိမ်မှ ခြေလျင်သွား၍ရသည့် ရပ်ကွက်၊ ကျေးရွာများသို့ သွားမည်။ ပုသိမ်တွင်ပင် ရက်ရှည်နေ၍ စည်းရုံးရေးအား ပြုလုပ်မည်။ လူထုဘဝအား လေ့လာမည်။ ဤသို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်၏။

ပြောင်းလဲလိုက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးနည်းဗျူဟာသစ်က တိုင်းမှူးဗိုလ်မှူးချုပ်မြင့်အောင်အား ထိတ်လန့်တုန်လှုပ်သွားစေသည်ဟု ဆိုရမည်။ ချက်ချင်းပင် ဗိုလ်မှူးချုပ်မြင့်အောင် အလျှော့ပေးရ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ဟိုင်းကြီးကျွန်း ခရီးစဉ်အတွက် …… ဗိုလ်မှူးချုပ်မြင့်အောင်သည် မော်တော်တစင်း ရှာပေး၏။ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့သည် မူလအစီအစဉ်အတိုင်းပင် ဧရာဝတီစည်းရုံးရေးခရီးအား ဆက်ကြ၏။
ပုသိမ် …. မှသည် …. ဟိုင်းကြီးသို့ ….။

(၆၂)
ဟိုင်းကြီးမှအပြန် ဒုတိယမြောက် ပုသိမ်အဝင်ခရီးက မုန်တိုင်းမထန်မီ ငြိမ်သက်သည့် ငြိမ်သက်မှုမျိုးဟု ဒေါ်အောင်ဆန်းစုကြည်၏ စိတ်အတွင်း၌ ထင်မိ၏။ ပုသိမ်အဝင် မှန်စက်ရုံအနီးတွင် ပုသိမ်ရေတပ်ဌာနချုပ်မှ စစ်ရေယာဉ်နှစ်စီးအား တွေ့ရ၏။ ပြီးလျှင် …. စစ်တပ်စက်လှေငယ်လေးများက ငဝန်မြစ်အတွင်း နေရာအနှံ့၌။ ငဝန်မြစ်ပြင်ထက်တွင်ကား …. ဒေါ်အောင်ဆန်းစုကြည်တို့၏ မော်တော်နှင့် စစ်ရေယာဉ်များသာ ရှိကြ၏။ အခြား မည်သည့်ရေယာဉ်မျှမရှိ ….။ ရှင်းနေသည်။ ကမ်းနားတလျှောက်တွင်လည်း လူသူမရှိ။ အရာရာက ရှင်း၍ ငြိမ်သက်နေ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ခရီးစဉ်တိုင်း၌ အမြဲလိုလိုပင် စီစဉ်မှုတခုက ရှိ၏။ မြို့တမြို့ ….. ရွာတရွာသို့ ဆိုက်ရောက်လေသည့် အခါတိုင်း ….. ဒေသခံစည်းရုံးရေးမှူးများက ဆတ်သားအဖြစ် အရင်ဆက်သွယ်လာကြပြီး ဆိုက်ရောက်မည့် ဒေသ၊ အခြေအနေအား ကြို၍ ရှင်းပြမိတ်ဆက်ပေး၏။ ယခုလည်း ဟိုင်းကြီးမှအပြန် ပုသိမ်အဝင်တွင် ပုသိမ်၌ ကျန်ရစ်ခဲ့သည့် အဖွဲ့ချုပ်ရဲဘော်များက စက်လှေငယ်များနှင့် လာရောက်၍ အခြေအနေအား ပြောပြရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ ယခုမူ …. ပုသိမ်မှ အဖွဲ့ချုပ်ရဲဘော်တို့၏ အရိပ်အယောင်ကိုမျှ မတွေ့ရ …… စစ်သားများနှင့် စက်လှေများကိုသာ ငဝန်အတွင်း တွေ့နေရ၏။ တခုခု ….။ တခုခုတော့ ထူးခြားနေပြီဟု ဒေါ်အောင်ဆန်းစုကြည် တွေးထင်မိ၏။

စစ်ရေယာဉ်ကြီး နှစ်စင်းပေါ်မှ စစ်ချီတေးများအား ဖွင့်လိုက်၏။ စစ်ချီတေးသံသည်သာ ငဝန်မြစ်ပြင်ဝယ် ညံစီနေ၏။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းသည့် နေ့ကဲ့သို့ …..။ ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲ့ဝင်များ အားလုံးအား ပုသိမ်ကမ်းအတက်တွင် ပို၍ သတိထားကြရန် မှာ၏။ ပုသိမ်ကမ်းသို့ ရောက်သည်နှင့် အဖမ်းအဆီး သတင်းများအား ဒေါ်အောင်ဆန်းစုကြည် ကြားရ၏။ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဧရာဝတီတိုင်း စည်းရုံးရေးတာဝန်ခံ ဒေါက်တာသက်မင်းနှင့် စည်းရုံးရေးမှူး ၁၃ ဦး အဖမ်းခံကြရပြီ။

ဒေါ်အောင်ဆန်းစုကြည်တို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ စည်းရုံးရေးခရီးထွက်ခဲ့ကြသည်မှာ ၇ ရက်ရှိပြီ။ ထို ၇ ရက်အတွင်း ဖမ်းဆီးခံခဲ့ကြရသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များက ၁၉ ဦးရှိခဲ့ပြီ။ ဗိုလ်မှူးချုပ်မြင့်အောင်က လက်ရဲဇက်ရဲ နိုင်လွန်းလှသည်။ ဤသို့ တရားမဲ့ဖမ်းဆီးမှု၊ ဖိနှိပ်မှု၊ ပိတ်ပင်ဟန့်တားမှုများအောက်၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟူသည် မည်သို့မျှ ဖြစ်ပေါ်မလာနိုင်။ ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည် သုံးသပ်မိ၏။ ဧရာဝတီတိုင်းအတွင်း ဖြစ်ရှိနေသည့် အခြေအနေများအား လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအား ကျင်းပပေးရန် လုံ့လထုတ်နေကြသည့် `ကော်မီရှင်´ မှ လူကြီးမင်းများ သိရန်လိုမည်။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေးခရီး ၇ ရက်အတွင်း ကြုံတွေ့နေရသည့် ဟန့်တားနှောင့်ယှက်မှုအမျိုးမျိုးအား အဖွဲ့ချုပ်ဗဟိုသို့ သတင်းပို့သည်။ ဗဟိုမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင် (ဟံသာဝတီဦးဝင်းတင်) နှင့် ဦးချစ်ခိုင် (ယခုကွယ်လွန်၊ ဗိုလ်မှူးကြီးဟောင်း) တို့ ၂ ဦး ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်သို့ သွားရောက်ပြီး ဧရာဝတီတိုင်း၏ အခြေအနေများအား တင်ပြ၏။ မထူးခြား….။ ကော်မီရှင်ကိုယ်တိုင်က စစ်ဖိနပ်အောက် ရောက်နေရသည့် အခြေအနေ ….။ သေနတ်နှင့် အချိန်ခံထားရသည့်ဘဝ….။

ကိုးကား ……
- ဒေါ်အောင်ဆန်းစုကြည်၏ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေးနှင့် အခြားစာတမ်းများ
- ဒေါ်အောင်ဆန်းစုကြည်၏ လက်ရွေးစင်မိန့်ခွန်းများ
- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဒေါမာန်ဟုန်
- ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲများ
- NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ဝင်၊ ဧရာဝတီတိုင်း လူငယ်တာဝန်ခံ ကိုထွန်းအောင်ကျော်နှင့် တွေ့ဆုံမေးမြန်းချက်
read more “ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)”

မြွေဆိပ်တက်တဲ့ည

0 comments



E-mail
မင်းဝင့်သူ
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 16 နာရီ 05 မိနစ်



မြွေဆိပ်တက်တဲ့ညညဟာ
မှော်ပညာဝတ်ရုံနက်နဲ့
ဝိညာဉ်မဲ့ ငြိမ်သက်
စုတ်ချက်ကြမ်းကြမ်း မုတ်သုန်က
ကျိုးကျဲကြယ်စတွေကို လှဲကျင်း
မင်းမူလို့နေဆဲ။

စပ်ဖာရာ အထပ်ထပ်နဲ့
မြင့်မြတ်တဲ့ စိတ်ကူးတွေကတော့
ကွဲရှမှန်တချပ်လို အလင်းပြန်
မြင်းခွာသံတချောင်းရဲ့ ပေါ့ဆမှုထဲ လဲကျ
သိပ်သည်းမွန်းကျပ်လွန်းလှပြီ။

အပွေးမြင်အပင်သိ
အနှစ်မရှိတဲ့တော …
မြစ်ကောတခုရဲ့ ကမ်းပါးပေါ်က
ပဲ့ပြားပင်တို့ ရောင်ချယ်ဆဲ ပြိုးပြက်
ရေပွက်တခုလို ခဏတက်
ဝက်ဝက်ကွဲ မာန်ဖီနေသော ကာလ။

ဂွာရာနီကာ* ပုံတူတွေထဲ
သဲသဲကွဲကွဲ တွေ့လိုက်ရ
မျှခြေမျဉ်းမတ်ကိုသာ
ထင်းထင်းရေးဆွဲလိုက်ကြပါ
စစ်ဟာ အနိဋ္ဌာရုံ ဖြစ်တယ်။

မသိစိတ်ရဲ့
ပုံရိပ်ဆိတ်ငြိမ်ထဲမှာတောင်
အမှောင်မိုက်က ခြိမ်းခြောက်
တိမ်းမှောက်သွားတဲ့ လွင်ပြင်ကျယ်မှာ
အစွယ်ရာအပြည့်
မမေ့လိုက်ကြပါနဲ့
(ဒါဟာ)
စေ့ထားတဲ့ တံခါးတချပ်မဟုတ်ပါ။ ။

*ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို ရဲ့ ဂွာရာနီကာ ပန်းချီကား
read more “မြွေဆိပ်တက်တဲ့ည”

အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်လာ

0 comments

E-mail
ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 31 ရက် 2009 ခုနှစ် 20 နာရီ 14 မိနစ်


ချင်းမိုင် (မဇ္ဈိမ)။ ။ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ကြရသူများ အနက်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဒဂုံမြို့သစ်မှ မသက်သက်အောင်၊ တောင်ဒဂုံမြို့နယ်မှ ကိုထိန်ဝင်းနှင့် ဒေါ်ခင်ဝင်းကြည်၊ စမ်းချောင်းမြို့နယ်နေ အောင်လံအမတ် ဦးညွန့်လှိုင်၊ ဒေါ်နော်အုန်းလှ၊ မခင်မြတ်သူတို့ ပြန်လွတ်လာကြောင်း အဖွဲ့ချုပ် ဗဟို ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။

ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမည်ဟု ယနေ့တွင် လျာထားခဲ့ရာမှ ဆူပူအုံကြွမည်ကို စိုးရိမ်ပြီး လက်ဦးမှု ရယူသည့် အနေဖြင့် အနယ်နယ်အရပ်ရပ်မှ အန်အယ်ဒီအဖွဲ့ဝင်အချို့ကို ယမန်နေ့ညက ဖမ်းဆီးခဲ့ရာ စုစုပေါင်း ၃၀ ဦးခန့်ရှိမည်ဟု ခန့်မှန်းရသည်။

လွတ်မြောက်လာသူများမှ တဦးဖြစ်သူ တောင်ဒဂုံမြို့နယ် လူငယ်တာဝန်ခံ (၃) ကိုထိန်ဝင်းကလည်း “ဒီနေ့ ကျနော် ၁၂ နာရီ အိမ်ကို ပြန်ရောက်လာပါတယ်။ ကျနော့်ကို မေးတယ်။ ဒီနေ့ ၃၁ ရက်နေ့ ဘာလုပ်မလဲ။ ဆန္ဒပြဖို့ အစီအစဉ်ရှိလား။ ၈ လေးလုံးနေ့မှာ ဘာလုပ်မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့မယ်ဆိုရင် ဘာလုပ်မလဲလို့ ဆိုတာတွေ မေးတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုထိန်ဝင်းအား ယမန်နေ့ ည ၁၂ နာရီခန့်တွင် ကျေးရွာကောင်စီ - ရယက ဥက္ကဋ္ဌ၊ ရာအိမ်မှူးနှင့် အက်စ်ဘီ ဒုရဲအုပ် ကိုအေးသိန်းက မေးမြန်းစရာရှိသည်ဟုဆိုကာ နေအိမ်မှ တောင်ဒဂုံရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ဒုရဲမှူး ဦးစိုးသိန်းက ကားဖြင့် ဗဟန်းမြို့နယ်ရှိ ပြည်ထဲရေးရုံးသို့ ပြောင်းရွှေ့ခေါ်ဆောင်သွားကာ ၂ နာရီခန့်ကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

ဒေါ်ခင်ဝင်းကြည်သည်လည်း အဆိုပါနေရာ၌ပင် စစ်ဆေး မေးမြန်းခြင်း ခံရကြောင်း ကိုထိန်ဝင်းက ပြောသည်။

စစ်ကြောရေးတွင် မေးမြန်းခဲ့သမျှကို ပြင်ပသို့ ပြန်လည်မပြောရန် ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရသည်ဟုလည်း သူက ပြောသည်။
read more “အဖွဲ့ချုပ်ဝင် ၆ ဦး ပြန်လွတ်လာ”